ဂျုဗင်တပ်စ်အသင်းဆိုတာက အီတလီစီးရီးအေပြိုင်ပွဲအတွင်း နှစ်အတန်ကြာတဲ့အထိ လိဂ်ချန်ပီယံရှစ်အဖြစ်နဲ့ ရပ်တည်နေခဲ့တဲ့ ထိပ်တန်းကလပ်အသင်းကြီး ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံဆုကို အင်တာမီလန်အသင်းဆီ လွဲပြောင်းပေးခဲ့ရတဲ့အပြင် Top 4 အတွင်း ဝင်ရောက်နိုင်ဖို့အတွက်ကိုပါ ရာသီပိတ် နောက်ဆုံးပွဲစဉ်အထိကို အကြိတ်အနယ် ကြိုးပမ်းခဲ့ရပါသေးတယ်။ အခု ဒီရာသီမှာလည်း အသင်းရဲ့ အဓိကကျတဲ့ ကစားသမားကြီး ရော်နယ်လ်ဒို မရှိတော့တဲ့နောက် အသင်းရလဒ်တွေက ထင်မှတ်မထားလောက်အောင်ကို ဆိုးရွှားနေပြီး တန်းဆင်းဇုန်ထဲကိုပါ ကျရောက်နေရပါတယ်။

Photo Credit : Manchester Evening News

ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ လိုကာတယ်လီ မွိုက်ကင်းစ် ကိုင်အိုဂျော့တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့ Key Player တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချလိုက်ပြီးနောက် အသင်းရဲ့ ရလဒ်တွေ စွမ်းဆောင်ရည်ပိုင်းတွေမှာ အကျိုးသက်ရောက်စေခဲ့ရပြီး အသင်းကလည်း ခုချိန်ထိ စီးရီးအေနို်င်ပွဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိမှာ စီးရီးအေပွဲစဉ်(၄)ပွဲသာ ကစားထားရသေးပြီး နိုင်ပွဲလုံးဝ မရှိသေးပဲနဲ့ သရေပွဲ(၂)ပွဲ ရှုံးပွဲ(၂)ပွဲ ရှိထားသေးသလို ရမှတ်(၂)မှတ်တည်းနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၈) တန်းဆင်းဇုန်နေရာထိ ရောက်ရှိနေရပါတယ်။

Photo Credit : BlackWhiteReadAllOver

ဂျုဗင်တပ်စ်အသင်းအနေနဲ့ အခုလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်လ်ဒို မရှိတော့တာကြောင့်လို့ ယတိပြတ် သတ်မှတ်လို့ မရပေမယ့်လည်း ရော်နယ်လ်ဒိုလို ထိပ်တန်းကစားသမားမျိုးက သူပါဝင်ကစားတဲ့ ကလပ်အသင်းပေါ် လွှမ်းမိုးမှု အရမ်းများတဲ့ ကစားသမားဖြစ်သလို နိုင်ပွဲတွေ အောင်မြင်မှုတွေကိုလည်း တအား ဆာလောင်တဲ့သူဖြစ်လို့ သူ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းအနေနဲ့ အကျိုးရှိဖို့က ရာခိုင်နှုန်း များနေရတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ယူနိုက်တက်နဲ့ ပြန်ပေါင်းထုတ်သွားခဲ့တဲ့ ရော်နယ်လ်ဒိုက အသက်(၃၆)နှစ် အရွှယ်တောင် ရောက်ရှိနေပေမယ့် ယူနိုက်တက်မှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေသလို အသင်းအတွက် အစစအရာရာမှာ ပိုမိုတိုးတတ်ကောင်းမွန်လာအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ ဂျုဗင်တပ်စ်အသင်းနဲ့ ပြန်လည်လက်တွဲခဲ့တဲ့ နည်းပြအယ်လီဂရီက အသင်းကို အကောင်းဆုံး အနေအထားပြန်ရောက်အောင် ပြန်တည်ဆောက်နေဆဲ ကာလဖြစ်နေတာကြောင့် ရလဒ်တွေ ခြေစွမ်းပိုင်းတွေက မတည်ငြိမ်နိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဂျုဗီအနေနဲ့ ရှေ့လာမယ့် ပွဲစဉ်တွေမှာ စပီဇီယာ ဆမ်ဒိုးရီးယားတို့ကို အနိုင်ယူဖို့ လိုအပ်နေပြီး ချယ်လ်ဆီးနဲ့ဆုံရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ရလဒ်မဆိုးဖို့ ကြိုးစားရဖွယ် ရှိနေပါတယ်။