MySport Myanmar

ပီအက်စ်ဂျီ ကွင်းလယ်လူ ပါရေဒက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်

ဂျုဗင်တပ်စ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား လီယိုနာဒိုပါရေဒက်စ်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် ကစားသမားဘက်ခြမ်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဒီမာဇီယိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juvefc

အီတလီစီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ နွေဈေးကွက်ထဲမှာပဲ အသင်းရဲ့ ကစားသမားဟောင်း ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းဆီ ပြန်လည် ခေါ်ယူထားခဲ့ပေမယ့် ပေါ့ဘာက အသင်းနဲ့ ပွဲဦးထွက်ပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် လအနည်းငယ် အနားယူရတော့မှာဖြစ်လို့ ဈေးကွက်ထဲမှာ နောက်ထပ် ကွင်းလယ်လူတစ်ဦး ထပ်မံခေါ်ယူရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ဂျုဗင်တပ်စ်က ဒီနွေမှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲရဖို့ ရှိနေတဲ့ ကွင်းလယ်လူ ပါရေဒက်စ်ကို စိတ်ဝင်စားနေပြီး ခေါ်ယူသွားဖို့အတွက်ကိုလည်း လုပ်ဆောင်လျက် ရှိနေပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်ဟာ အသင်းရဲ့ ကွင်းလယ်မှာ ပေါ့ဘာ လိုကာတယ်လီ ဇာကာရီယာ အာသာမယ်လ်လို ရာဘီယူ မက်ကန်နီတို့ ရှိနေတယ် ဆိုပေမယ့်လည်း ပေါ့ဘာနဲ့ မက်ကန်နီတို့က ဒဏ်ရာတွေ ရရှိနေကြသလို မယ်လ်လို ရာဘီယူတို့က အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေကြတာကြောင့် အာဂျင်တီးနား ကွင်းလယ်လူ ပါရေဒက်စ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမား ပါရေဒက်စ်က ၂၀၁၉ခုနှစ်ကတည်းက ဇင်းနစ်ကနေ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီဘက်က ကွင်းလယ်လူတွေဖြစ်တဲ့ ဗီတင်ညာ ရီနာတိုဆန်းချက်စ်တို့ကို ခေါ်ယူထားခဲ့သလို အသင်းမှာလည်း ဗာရက်တီ ပါရဲယားတို့လည်း ရှိနေတာကြောင့် ပါရေဒက်စ်ရဲ့ အနာဂတ်က ဝေဝါးလာခဲ့ရပါတယ်။ ရိုးမား ချီယေဗို အမ်ပိုလီ အသင်းတွေနဲ့အတူ အီတလီစီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ပါရေဒက်စ်ကို ဂျုဗင်တပ်စ်အသင်းက ပေါ့ဘာရဲ့နေရာမှာ အစားထိုးသွားချင်နေပြီး ယူရို(၁၅)သန်းနဲ့လည်း ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ရာ လက်ရှိမှာတော့ ကမ်းလှမ်းမှုကို ကစားသမားဘက်က သဘောတူညီထားခဲ့ပြီး ပီအက်စ်ဂျီသာ သဘောတူမယ်ဆိုရင် အပြောင်းအရွှေ့ အထမြောက်သွားမှာ ဖြစ်သလို ပါရေဒက်စ်အနေနဲ့လည်း ၂၀၁၇ခုနှစ်နောက်ပိုင်း စီးရီးအေပြိုင်ပွဲဆီ တစ်ကျော့ပြန် ရောက်ရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version