ဂျုဗင်တပ်စ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူကို (၃)နှစ် + အပိုထပ်တိုး (၁)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့တယ်လို့ ရိုမာနိုက သတင်းဖော်ပြထားခဲ့ပါတယ်။

ချယ်လ်ဆီး နဲ့ ဂျုဗင်တပ်စ်အသင်းတို့က အသင်း တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူ နဲ့ ဒူဆန် ဗလာဟိုဗစ်တို့ကို အလဲအထပ် လုပ်သွားဖို့ ဆွေးနွေးထားကြပြီး လက်ရှိမှာတော့ ဂျုဗင်တပ်စ်ဘက်က အရင်ဦးဆုံးအနေနဲ့ လူကာကူကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football London

ဂျုဗင်တပ်စ်ရော ချယ်လ်ဆီးရောပါ သူတို့ရဲ့ တိုက်စစ်မှူး နှစ်ဦးကို ဒီနွေဈေးကွက်အတွင်းမှာပဲ အပြီးသတ် ရှင်းထုတ်သွားချင်နေတာကြောင့် ကစားသမားနှစ်ဦး swap deal ဖြစ်ပေါ်ဖို့ အကြောင်းဖန်လာခဲ့ရပေမယ့်လည်း ချယ်လ်ဆီးဘက်က ဗလာဟိုဗစ်ကို ခေါ်ယူဖို့အတွက် စဉ်းစားနေဆဲသာ ရှိနေပါတယ်။

ဂျုဗင်တပ်စ်က လူကာကူအတွက် ချယ်လ်ဆီး သတ်မှတ်ထားတဲ့ ယူရို သန်း(၄၀)အစား သူတို့ရဲ့ ကစားသမား ဗလာဟိုဗစ်နဲ့ အလဲအထပ် ပြုလုပ်ဖို့ အပါအဝင် ဆက်လက်ပြီး ဆွေးနွေး ညှိနှိုင်းဖို့ကို ချယ်လ်ဆီးအသင်းထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကတော့ ဗလာဟိုဗစ်ကို ခေါ်ယူသင့် မသင့်ဆိုတာကို စဉ်းစားနေသေးပြီး ဆုံးဖြတ်ချက် မချရသေးပဲ ရှိနေတယ်လို့ ရိုမာနိုက ဖော်ပြထားပါတယ်။

Photo Credit : Twitter

ဂျုဗင်တပ်စ်ကတော့ အီတလီ စီးရီးအေမှာ (၃)နှစ်နီးပါးအထိ ကျင်လည်ထားခဲ့ဖူးတဲ့ လူကာကူကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အသင်း ဂျာစီကို ဘယ်တော့မှ ဝတ်ဆင်သွားမှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ကြွေးကြော်ထားဖူးတဲ့ ကစားသမားတစ်ယောက်ကို အခုလို အသည်းအသန် ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းကိုလည်း အသင်းပရိသတ်တွေက အလွန် စိတ်ပျက်နေပါတယ်။

တကယ်လို့ လူကာကူ နဲ့ ဗလာဟိုဗစ်တို့ရဲ့ swap deal ဖြစ်ပေါ်လာဖို့ မရှိရင်တောင် ဂျုဗင်တပ်စ်က ဗလာဟိုဗစ်ကို အသင်း တစ်သင်းသင်းဆီ ရောင်းချပြီး လူကာကူကို အရ ခေါ်ယူသွားဖို့လည်း စီစဉ်ထားလျက် ရှိနေပါတယ်။