ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ပိုင်းများစွာ ရပ်နားထားခဲ့ရတဲ့ ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်နေပြီဖြစ်ပြီး ဒီနေ့ည (၁)နာရီခွဲအချိန်မှာ ကိုပါအီတလီယာဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ပွဲကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဂိုးမရှိသရေကျခဲ့တာကြောင့် အဝေးဂိုးစည်းမျဉ်းအရ ဂျုဗင်တပ်စ်တို့ ဖိုင်နယ်ကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

ပထမအကျော့တုန်းက တစ်ဖက်ကို တစ်ဂိုးစီသရေကျထားခဲ့တာဖြစ်လို့ ဒီပွဲမှာ နှစ်သင်းလုံး အခွင့်အရေးဆတူ ကျန်ရှိနေသေးတာဖြစ်တဲ့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပေမယ့် ပွဲအစလောက်မှာပဲ ဧည့်သည်မီလန်ဘက်ကနေ ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရတာက ပွဲအရသာကို ပျက်ဆီးသွားစေခဲ့ရပါတယ်။ အိမ်ရှင်ဂျုဗင်တပ်စ်က ရော်နယ်ဒို ဒီဘားလား ကော်စတာ ပီယာနစ် မာတွီဒီ ဘန်တာကာ ဘနူချီ ဆန်ဒရို ဒန်နီလို ဒီလစ် ဘူဖွန်တို့ကို ထည့်သွင်းလာခဲ့ပြီး မီလန်ဘက်မှာလည်း ရီဘစ် ပါကွယ်တာ ချာဟာနိုဂလူး ဘိုနာဗန်ကျူရာ ကတ်ဆေး ဘန်နာဆာ ကေဂျာ ရာနိုမက်ဂလီ ကွန်တီ ကယ်လာဘရီရာနဲ့ ဒွန်နာရမ်မာတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစကတည်းက အိမ်ရှင်တို့ ဖိအားပေးကစားခဲ့ရာကနေ (၁၆)မိနစ်မှာ ပင်နယ်တီကန်ခွင့်ပါ ပိုင်ဆိုင်ခဲ့လို့ ရော်နယ်ဒိုကန်သွင်းခဲ့ရာ တိုင်ထိထွက်သွားခဲ့လို့ ဂျုဗီတို့ နစ်နာခဲ့ရပါတယ်။ ပင်နယ်တီလွဲချော်ပြီး တစ်မိနစ်အကြာမှာပဲ မီလန်တိုက်စစ်မှူး ရီဘစ် ကစားပုံကြမ်းမိလို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပါတယ်။ ကစားသမားတစ်ယောက် လျော့နည်းသွားကတည်းက မီလန်တို့ ခံစစ်မှာပဲ အချိန်ကုန်ခံရပေမယ့် ဂျုဗီရဲ့ထိုးဖောက်မှုတွေ အားရစရာမရှိလို့ ပထမပိုင်းမှာ သွင်းဂိုးတွေ ပျောက်ဆုံးနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ မီလန်ဘက်က လူစားလဲမှု ပြုလုပ်ခဲ့သလို အိမ်ရှင်ဂျုဗီကလည်း (၆၂)မိနစ်မှာ လူစားလဲမှု (၃)ကြိမ်ကို တစ်ပြိုင်နက်တည်း ပြုလုပ်သွားခဲ့ပြီး ဘာနာဒက်စကီး ရာဘီအော့ ခါဒီရာတို့ကို ထည့်သွင်းလာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မီလန်အသင်းဘက်ကနေလည်း ဂိုးသွင်းခွင့်တချို့ ပိုင်ဆိုင်ခဲ့ပေမယ့် အိမ်ရှင်ကပဲ ပွဲကိုပိုမိုကစားနိုင်ခဲ့ပြီး မိနစ်ကိုးဆယ်ပြည့်ချိန်ထိ သွင်းဂိုးတွေတော့ မရယူနိုင်ခဲ့တာကြောင့် အိမ်ရှင်ဂျုဗင်တပ်စ်အသင်းကပဲ အဝေးဂိုးစည်းမျဉ်းနဲ့ ဖိုင်နယ်ကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။