ယခင်က ဂျုဗင်တပ်စ်အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြအယ်လီဂရီနဲ့ ပြန်လည်လက်တွဲဖြစ်ခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ကစားသမားအင်အားပိုင်း တောင့်တင်းနေစေဖို့အတွက် မန်စီးတီးအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို အလိုရှိနေပေမယ့် မန်စီးတီးဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးသီးသန့်နဲ့သာ ကမ်းလှမ်းမှ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားပေးဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Vbet News

စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဇူးကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေခဲ့တာဟာ နွေရာသီ စျေးကွက်စတင်ချိန်ကတည်းကဖြစ်ပြီး အမှတ်ပေးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ဖို့ တစ်လဝန်းကျင်လောက်သာ ကျန်ရှိနေတော့တဲ့အချိန်မှာ ဂျေဇူးကို အပြီးသတ် ခေါ်ယူနိုင်အောင် ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားဖြစ်သူ ဂျေဇူးအတွက် ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာမဟုတ်ပဲ ငွေသားသီးသန့်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံသွားမှာဖြစ်လို့ ဘဏ္ဍာရေးပိုင်း အဆင်မပြေ ဖြစ်နေရတဲ့ ဂျုဗင်တပ်စ်အတွက်တော့ ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Manchester Evening News

မန်စီးတီးအသင်းအနေနဲ့ နွေစျေးကွက်အတွင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးနဲ့ လက်တွဲဖြုတ်ခဲ့ရတာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ ပြန်လည်အားမဖြည့်ရသေးခင်အထိ ဂျေဇူးကို ရောင်းချဖို့ ဆန္ဒမရှိပဲ ရောင်းချမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးသီးသန့်နဲ့သာ ရောင်းချဖို့ ရှိနေပါတယ်။ ဂျေဇူးကို အလိုရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းမှာလည်း ဂျေဇူးကို ရရှိရေးအတွက် ပြောင်းရွှေ့ကြေးတချို့နဲ့ အသင်းက ကစားသမားတစ်ဦးကို အလိုက်ပေးပြီး ကမ်းလှမ်းချင်နေတာဖြစ်လို့ သူတို့ရဲ့ နဂိုစီစဉ်ထားမှုကို ပြောင်းလဲမှသာ ဂျေဇူးကို ခေါ်ယူနိုင်ဖွယ် ရှိနေရပါတယ်။ မန်စီးတီးအသင်းကတော့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် စပါးတိုက်စစ်မှူး ဟာရီကိန်းကို အဓိကပစ်မှတ်ထားနေလျက် ရှိနေသလို ဘာစီလိုနာ တိုက်စစ်ကစားသမား ဂရီးဇ်မန်း အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်နဲ့ ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်စ်တို့ကိုလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒါ့အပြင် မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက လူငယ်အသင်းက တိုက်စစ်ကစားသမား (၂)ယောက်ခန့်ကိုလည်း အသင်းကြီးမှာ နေရာပေးသွားဖို့ စီစဉ်လျက် ရှိလို့နေပါတယ်။