ဒီနှစ်ရဲ့ နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ စပါးအသင်းကနေ ထွက်ခွာတော့မယ့် သတင်းတွေ ထွက်ပေါ်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလျက်ရှိနေကြသလို ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကလည်း ဟာရီကိန်းကို ခေါ်ယူချင်နေကြပါတယ်။

Photo Credit : Goal

အီတလီအခြေစိုက် သတင်းမီဒီယာ Calciomercato ရဲ့ ဖော်ပြချက်အရ အီတလီစီးရီးအေရဲ့ နာမည်ကျော်ကလပ် ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ထက်မြက်စေဖို့အတွက် အထောင်တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူချင်နေပြီး စပါးတိုက်စစ်မှူး ဟာရီကိန်းကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ လတ်တလောမှာ အသင်းရဲ့ အဓိက ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လက်တွဲဖြုတ်ရဖို့ အခြေအနေ များနေသလို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ထားခဲ့တဲ့ စပိန်တိုက်စစ်မှူး မိုရာတာကိုလည်း နောက်ထပ်အငှားသက်တမ်းတိုးဖို့က ဆောင်ရွှက်နေဆဲသာဖြစ်လို့ အခုလို ဟာရီကိန်းကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Calciomercato

ဂိုးသွင်းစွမ်းရည် ကောင်းမွန်လှတဲ့ တိုက်စစ်မှူးဟာရီကိန်းဟာ စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ဂိုးအများဆုံးသွင်းယူသူဆုနဲ့ ဂိုးဖန်တီးအများဆုုံး ဆုတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဒီလို အရည်အသွေးကောင်းလာတဲ့ ကစားသမားတစ်ယောက်ကို စပါးအသင်းဘက်ကနေ လက်မလွတ်ချင်ပေမယ့် ကစားသမားကိုယ်တိုင်ကပါ ဆုဖလားအောင်မြင်မှုတွေအတွက် အသင်းနဲ့ လမ်းခွဲချင်နေတာကြောင့် သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းမှသာ ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီပမာဏဟာ ကလပ်အသင်းတိုင်းအတွက် ကမ်းလှမ်းဖို့ ခက်ခဲနိုင်တဲ့ တန်ကြေးတစ်ခုဖြစ်နေတဲ့အပြင် ကိုဗစ်ဂယက်ကြောင့် အသင်းတိုင်းမှာလည်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ထားရလို့ ကိန်းကို ကမ်းလှမ်းဖို့က ခဲယဉ်းနေကြတာဖြစ်ပါတယ်။ ပိုဆိုးတာကတော့ စပါးအသင်း ဥက္ကဌဖြစ်သူကိုယ်တိုင်က သူတို့ကစားသမားကို ကမ်းလှမ်းလာမယ်ဆိုရင် ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုကို လက်ခံမှာမဟုတ်ပဲ ပြောင်းရွှေ့ကြေးသီးသန့်နဲ့ ကမ်းလှမ်းမှ လက်ခံမှာဖြစ်တယ်လို့ ပြောဆိုထားတဲ့အတွက် ဂျုဗင်တပ်စ်အသင်းအတွက် ခက်ခဲနိုင်ပါတယ်။