အီတလီစီးရီးအေပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကတော့ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းရဲ့လူအင်အားကို ဖြည့်တင်းသွားဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ သိပ်မရရှိသေးတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားလေး ဒွန်နီဗန်ဒယ်ဘိခ်ကို အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေခဲ့ပြီး အငှားစာချုပ်အတွင်းမှာ အပြီးသတ်ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းပြီး ကမ်းလှမ်းချင်နေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ CalcioMercato ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းကမှ နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အခုချိန်ထိကို ပွဲထွက်ကစားသမားအဖြစ် မပါဝင်ရသေးပဲ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပွဲတွေမှာပဲ ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်နေရတာဖြစ်ပါတယ်။

Photo Credit : Evening Standard

ဒီလိုအခြေအနေတွေ ရှိလို့နေတဲ့ ဗန်ဒယ်ဘိခ်ကို ဂျုဗင်တပ်စ်အသင်းကနေ အငှားနဲ့ ခေါ်ယူချင်နေပြီး အငှားစာချုပ်ပြည့်ချိန်မှာလည်း ယူရို(၃၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းကမ်းလှမ်းဖွယ် ရှိနေတယ်လို့ အီတလီသတင်းမီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းက ဗန်ဒယ်ဘိခ်ကို သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ်ပြီး အေဂျက်စ်အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ နောက်ခံလူဒီလစ်နဲ့ တစ်သင်းတည်းမှာ တွဲဖက်ကစားစေချင်နေတာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်ပိုင်းကို ပိုမိုလုပ်အားနှုန်းကောင်းမွန်လာစေဖို့အတွက် အခုလို အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဗန်ဒယ်ဘိခ်ကတော့ ယူနိုက်တက်အသင်းမှာပဲ ဆက်လက်ရှိနေသွားဖို့သာ အခြေအနေများလို့နေပြီး ယူနိုက်တက်အသင်းဘက်ကလည်း ဒီရာသီမှ ခေါ်ယူထားခဲ့တဲ့ ကစားသမားတစ်ယောက်ကို အချိန်တိုလေးအတွင်းမှာပဲ အသင်းကနေ ပြန်လည်ထုတ်ရောင်းသွားဖို့ဆိုတာ ဖြစ်နိုင်ခြေအရမ်းနည်းပါးလွန်းနေပါတယ်။ ဗန်ဒယ်ဘိခ်ဟာ အသင်းမှာ ပွဲထွက်ကစားခွင့် အနည်းငယ်သာ ရရှိနေပြီး သွင်းဂိုးနဲ့ဂိုးဖန်တီးမှု နည်းပါးလွန်းနေတယ်ဆိုပေမယ့်လည်း အသင်းအတွက် ပါဝင်ကစားခွင့်ရတဲ့ ပွဲတိုင်းလိုလိုမှာတော့ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဘာရှက်ဆီဟီကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပါသေးတယ်။