အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလို ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကက်ဂလီယာရီ အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းရဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ အသင်းရဲ့ စံပြ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးစကား ပြောကြား သွားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အလိုင်းယန့်ဇ်ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းရဲ့ သွင်းဂိုး နှစ်ဂိုးစလုံးကို ပွဲကစားချိန် ၃၈မိနစ်နဲ့ ၄၂မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Metro

ကက်ဂလီယာရီ အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး ရယူ နိုင်ခဲ့တာကြောင့် ရိုနယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၈ဂိုးအထိ ရယူ ထားနိုင်ခဲ့ပြီး စီးရီးအေရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ ရိုနယ်ဒိုဟာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကျဆင်းသွားခြင်း မရှိပဲ ဂျူဗင်တပ် အသင်းရဲ့ အဓိက ဂိုးသွင်းစက် အဖြစ် ကစားပြနေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုက ရိုနယ်ဒိုဟာ အသင်းမှာ ရှိတဲ့ ကစားသမားတွေ အတွက် စံပြ ကစားသမား ဖြစ်ကြောင်းနဲ့ သူ့ဘက် ကနေ ရိုနယ်ဒိုကို အကြံပေးစရာ တစ်ခုပဲ ရှိကြောင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းရဲ့ စံပြ ကစားသမား ဖြစ်ကြောင်းကို ပီယာလိုက “ရိုနယ်ဒိုဟာ အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမား ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူက ချန်ပီယံတစ်ဦး ဖြစ်ပြီး သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့ လူတွေ အတွက် ကွင်းအတွင်းမှာရော ၊ လေ့ကျင့်ရေးကွင်း အတွင်းမှာပါ အတုယူသင့်တဲ့ စံပြပုဂ္ဂိုလ် တစ်ဦးပါ။ ကျွန်တော် သူ့ကို ပေးနိုင်တဲ့ တစ်ခုတည်းသော အကြံကတော့ လက်ရှိ ပုံစံကို ဆက်လက် ထိန်းသိမ်း သွားဖို့ပါပဲ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ ရိုနယ်ဒိုဟာ စီးရီးအေ ပြိုင်ပွဲမှာ သွင်းဂိုးတွေ ရရှိနေပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အဖွင့်ဂိုး မရသေးတာကြောင့် အင်္ဂါနေ့ည ၂နာရီခွဲ အချိန်မှာ ကစားမယ့် ဂျူဗင်တပ် အသင်းနဲ့ ဖီရန်ဗာရို့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ သွင်းယူနိုင်မလား ဆိုတာ စောင့်ကြည့် သွားရမှာပါ။