အီတလီစီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းက စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်ကစားသမား အယ်လန်ကို ခေါ်ယူသွားဖို့အတွက် အသင်းမှာ ပုံမှန်နေရာတွေ ပျောက်ဆုံးလျက်ရှိနေတဲ့ ဝေးလ်စ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးနဲ့ ကစားသမားချင်း အလဲအထပ် သဘောမျိုး ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ဆန္ဒရှိနေတယ်လို့ Calcio mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၃၀)အရွှယ်ရှိတဲ့ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား အယ်လန်ဟာ နာပိုလီ အူဒီးနီးစ်အသင်းတွေနဲ့အတူ အီတလီ စီးရီးအေပြိုင်ပွဲမှာ (၈)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂ဝခုနှစ်ကမှ နာပိုလီကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အယ်လန်ဟာ အဲဗာတန်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရရှိနေလျက် ရှိပေမယ့်လည်း အီတလီကို ပြန်လည်ပြောင်းရွှေ့ချင်နေတာကြောင့် သူ့ကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားချင်နေသလို ဂျုဗင်တပ်စ်ဘက်က သူတို့ရဲ့ ကွင်းလယ်လူ ရမ်ဆေးကို အသုံးချပြီး အယ်လန်နဲ့ ကစားသမားချင်း တိုက်ရိုက်လဲလှယ်တဲ့ ပုံစံမျိုးနဲ့ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်လို့နေပါတယ်။

Photo Credit : The Mirror

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရမ်ဆေးကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ဂျုဗီကစားသမားဘဝ ပထမရာသီက ပွဲထွက်ခွင့် အထိုက်အလျောက် ရရှိခဲ့ပေမယ့် နည်းပြသစ် အယ်လီဂရီလက်ထက်မှာတော့ နေရာပျောက်ဆုံးမှုတွေ ဖြစ်လာခဲ့ရတဲ့အပြင် အသင်းနဲ့လည်း ဆက်ဆံရေးပိုင်းတွေမှာ မပြေလည်မှုတွေ ရှိလို့နေရပါတယ်။ ဒါကြောင့် ဂျုဗင်တပ်စ်အသင်းအနေနဲ့ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ရမ်ဆေးကို အသင်းကနေ ရောင်းထုတ်ဖို့ ရှိနေသလို သူတို့ အလိုရှိနေတဲ့ စီးရီးအေ ကစားသမားဟောင်း အယ်လန်ကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာလည်း အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ရမ်ဆေးကို ထည့်သွင်းအသုံးပြုဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အဲဗာတန်ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ရမ်ဆေးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး+ရမ်ဆေး ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေပါတယ်။