စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ လူအင်အားကို တိုးမြှင့်ဖို့အတွက် စပိန်လာလီ​ဂါကလပ် ဗလင်စီယာအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ ဆွေးနွေး ညှိနှိုင်းနေပြီလို့ သိရပါတယ်။ ဂျူဗင်တပ် အသင်းဟာ လက်ရှိအချိန်မှာ တောင့်တင်းတဲ့ ကစားသမားစုဖွဲ့မှုကို ပိုင်ဆိုင်ထားပေမယ့် သူတို့အသင်း ပိုင်ဆိုင်ထားတဲ့ တောင်ပံ ကစားသမား အရေအတွက်ကတော့ အတော်လေး နည်းပါးပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ လက်ရှိ ကစားသမားတွေထဲမှာ တောင်ပံ ကစားသမား စစ်စစ်ဟာ ဒေါက်ဂလပ် ကော်စတာ တစ်ဦးသာ ရှိနေပြီး ကော်စတာဟာလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ရှိတာကြောင့် ဂျူဗင်တပ်အသင်းက တောရက်စ်ကို ခေါ်ယူဖို့ ကြိုးစားလာတာပါ။

Photo Credit: Forbes

အသက်၂၀နှစ်အရွယ် စပိန် လူငယ် တောင်ပံ ကစားသမား ဖာရန် တောရက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ စပိန်လာလီဂါပွဲစဉ် ၃၀အထိ ပါဝင် ကစားခွင့် ရရှိထားသူ ဖြစ်ပြီး သွင်းဂိုး ၄ဂိုး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။ တောရက်စ်ဟာ ညာတောင်ပံ ၊ ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားနိုင်သူ တစ်ဦး ဖြစ်ပြီး နာမည်ကျော် ESPN သတင်းဌာနရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ တောရက်စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေတာ အတော်ကြာခဲ့ပြီလို့ သိရှိရကာ ယခုအချိန်မှာတော့ တောရက်စ်ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တောရက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းဟာ ဂျူဗင်တပ်အသင်း တစ်သင်းတည်း မဟုတ်ပဲ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း နှစ်သင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ဟာလည်း တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင် စား နေပါတယ်။

Photo Credit: Forbes

လက်ရှိမှာတော့ ဖာရန်တောရက်စ်ရဲ့ တန်ကြေးဟာ ယူရို၄၅သန်း ဝန်းကျင် ရှိနေပြီး စပိန်သတင်းစာ အချို့ကတော့ ဗလင်စီယာ အသင်းဟာ ဖာရန်တောရက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်အထိ အလိုရှိ နေကြောင်း ဖော်ပြလာကြပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ် အသင်းဟာ ဖာရန်တောရက်စ်အတွက် ငွေကြေး ဘယ်လောက် ပေးချေမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဥရောပ အပြောင်းအရွှေ့ သုံးသပ်သူတွေ ကတော့ ဂျူဗင်တပ်အသင်းဟာ ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ကနေ ယူရို၅၀သန်း ဝန်းကျင်ကြား ပေးချေကာ ခေါ်ယူသွားနိုင်လိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။