အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၂)မှာ အမ်ပိုလီအသင်းကို အိမ်ကွင်းမှာပဲ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ပြီး ရာသီသစ်မှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။

အဆိုပါပွဲစဉ်ဟာ ဂျူဗင်တပ်အသင်းအနေနဲ့ လောလောလတ်လတ် ဆုံးရှုံးထားရတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ပြန်လည် သတိရခဲ့ရတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး အခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ် ဂိုးသွင်းနိုင်မယ့် ကစားသမား မရှိတာကြောင့် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတာပါ။

Photo Credit: Euro Sports

အမ်ပိုလီအသင်းနဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ အခွင့်အရေး ဖန်တီးမှုပေါင်း ၁၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်သွင်းချက် ၅ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေပြိုင်ပွဲရဲ့ ဂိုးပေါက်တည့်ကန်ချက် အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ရိုနယ်ဒိုရဲ့ အရည်အချင်းနဲ့ စွမ်းရည်ကို ဂျူဗင်တပ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေ အဓိက သတိရစေတဲ့ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေ သွင်းဂိုး ၂၉ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့သလို ပြိုင်ပွဲရဲ့ ခေါင်းတိုက်သွင်းဂိုး အများဆုံး ကစားသမား (၇ဂိုး) ၊ ပြိုင်ပွဲရဲ့ ဂိုးပေါက်တည့် ကန်ချက် အများဆုံး ကစားသမား (၆၉ကြိမ်) စတဲ့ စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

လက်ရှိမှာတော့ ရိုနယ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့သွားပြီ ဖြစ်သလို ဂျူဗင်တပ်အသင်းကလည်း ရိုနယ်ဒို မရှိတော့တဲ့ လူစာရင်းနဲ့ ရာသီသစ်ကို ယှဉ်ပြိုင်ရတော့မှာပါ။

ဒါပေမယ့် ရိုနယ်ဒိုလို တရာသီကို အနိမ့်ဆုံး ဂိုး ၃၀လောက် ပုံမှန် သွင်းယူပေးနိုင်မယ့် တိုက်စစ်မှူး တဦးကို လက်ကျန် နွေဈေးကွက်ကာလ အတွင်းမှာ ရှာဖွေဖို့ဟာ မဖြစ်နိုင်တာကြောင့် ယခင်ကလို လိုအပ်နေတဲ့ သွင်းဂိုးတွေ ပြန်လည် ရရှိဖို့ အတွက် ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒိုင်ဘာလာကို ပိုမို မှီခိုရဖွယ် ရှိပါတယ်။