ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အက်ဒရီယန်ရာဘီယော့က ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်း ဂျုဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ရပေမယ့် အဆုံးသတ်မှာ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ရတာက သူ့အတွက် ကံကောင်းစေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ နွေဈေးကွက်တစ်လျှောက်လုံး ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင်းကနေ နောက်ဆုံးမှာ မခေါ်နိုင်ခဲ့လို့ လက်လျှော့ခဲ့ရရင်းနဲ့ ရာဘီအော့ဘက်ကို မြှားဉှီးလှည့်လာခဲ့ရာ ရာဘီအော့ကိုတော့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိပြီးမှ လစာကိစ္စ အဆင်မပြေမှုနဲ့ ယူနိုက်တက်က ကက်စမဲရိုးကိုသာ ပြောင်းလဲ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဆီ မပြောင်းရွှေ့ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး ရာဘီအော့က “ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ အချိတ်အဆက် ရှိခဲ့တယ်ဆိုတာကတော့ အမှန်ပါပဲ”

Photo Credit : MySportDab

“ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော် ဒီမှာ ဆက်နေနိုင်ရလောက်အောင် ကံကောင်းသွားခဲ့ရပါတယ်။ ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်က ပရိသတ်အားပေးမှု အများဆုံး ရရှိတဲ့ လိဂ်တစ်ခုဆိုပေမယ့် ဒီအချိန်မှာတော့ ကမ္ဘာ့ဖလားအတွက်ပဲ အာရုံစိုက်ထားတယ်။ အနာဂတ်ကို မတွေးတောပါဘူး။ ကျွန်တော်ရော ကလပ်အသင်းပါ အလျင်စလို ဖြစ်မနေပါဘူး။ အေးအေးဆေးဆေး ရှိနေပါတယ်။ ဒါကြောင့် ရွေးချယ်စရာအားလုံးကို စဉ်းစားနိုင်ပါတယ်” လို့ အီတလီ သတင်းမီဒီယာ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ခြင်းမရှိပဲ ဂျုဗင်တပ်စ်မှာပဲ ဆက်လက် ရှိနေခဲ့ရတဲ့ ရာဘီအော့ဟာ ဒီရာသီအတွင်း ဂျုဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲ ပါဝင်ခဲ့ပြီး (၅)ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားမယ့် ရာဘီအော့ဟာ ဂျုဗင်တပ်စ်အသင်းနဲ့လည်း စာချုပ်သက်တမ်း တိုးမြှင့်ဖွယ်လည်း ရှိနေရပါတယ်။