ESPN အားကစား သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်တွေအရ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူသွားဖို့အတွက် အငှားကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်လိုက်တယ်လို့ သိရှိရပါတယ်။

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ဒီရာသီအတွင်းမှာပဲ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်းတွေ လုံးဝ အဆင်မပြေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း သူရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : The Athletic

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူန်ိုက်တက်အသင်းဟာ ဆန်ချိုကို လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်သွားတော့မယ်လို့ သတင်းထွက်လာခဲ့သလို ဆန်ချိုကိုလည်း ကလပ်အသင်း များစွာက ပစ်မှတ်ထားလာခဲ့ပါတယ်။

ဆန်ချိုကို ပစ်မှတ်ထားနေတဲ့ ကလပ်အသင်းတွေထဲမှာ စီးရီးအေက ဂျုဗင်တပ်စ်အသင်းလည်း ပါဝင်လာခဲ့ပြီး ESPN ရဲ့ ဖော်ပြချက်မှာတော့ ဂျုဗင်တပ်စ်အသင်းဟာ ဆန်ချိုအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် အငှားကမ်းလှမ်းမှု တစ်ရပ်ကို လုပ်ဆောင်လိုက်ပြီလို့ သိရပါတယ်။

Photo Credit : Football365

ယူနိုက်တက်ဘက်ကတော့ သူတို့ကစားသမားကို အပြီးသတ်သာ ရောင်းချသွားချင်ပေမယ့်လည်း အငှားကမ်းလှမ်းမှုကိုပါ လက်ခံသွားဖို့ ရှိနေပြီး ကစားသမားရဲ့ လုပ်ခလစာနဲ့ ပတ်သက်လို့ ညှိနှိုင်းရ အဆင်ပြေမယ်ဆိုရင် အငှားနဲ့ပါ လက်လွတ်သွားနိုင်ပါတယ်။

ဆန်ချိုကိုယ်တိုင်ကတော့ ယူနိုက်တက်ကနေ ထွက်ခွာရမယ်ဆိုရင် သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဆီကိုသာ ပြန်လည် ပြောင်းရွှေ့လိုနေပြီး ဒေါ့မွန်ကလည်း ဆန်ချိုကို ပြန်ခေါ်ချင်ပေမယ့် သူရဲ့ လက်ရှိ တစ်ပတ်လုပ်ခကြောင့်သာ ခေါ်ယူဖို့ ခဲယဉ်းနေရပါတယ်။