ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ် နောက်ခံကစားသမား ဂါဘရီရယ်ကို ဘာစီလိုနာအသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာ အခုလည်း စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းကပါ ဂါဘရီရယ်ကို ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်လာခဲ့သလို ဂါဘရီရယ်ကို အရခေါ်ယူဖို့အတွက် အာဆင်နယ် အလိုရှိနေတဲ့ ကွင်းလယ်ကစားသမား အာသာမယ်လိုကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အသုံးချသွားဖွယ်ပါ ရှိနေတယ်လို့ သိရှိရပါတယ်။

Juventus are plotting a summer move for Arsenal defender Gabriel Magalhaes

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဂါဘရီရယ်ဟာ ၂၀၂ဝခုနှစ်ကမှ လိုင်လီအသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရှိလာခဲ့စဉ်ကတည်းကနေ လက်ရှိအချိန်ထိ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ဘယ်ခြေအားသန်တဲ့ ခံစစ်မှူးဖြစ်သလို (၃)ယောက်တန်းခံစစ်မှာပါ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဂါဘရီရယ်ဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း သူရဲ့အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနေပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၄)ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

Why Arsenal's Gabriel has withdrawn from the Brazil squad

Photo Credit : Daily Cannon

ခံစစ်ပိုင်းရော တိုက်စစ်မှာပါ ခေါင်းတိုက်သွင်းဂိုးတွေနဲ့ အသင်းအတွက် အကူအညီပေးနေနိုင်တဲ့ ဂါဘရီရယ်ကို ဥရောပ ထိပ်တန်းကလပ်အသင်းတွေ စတင်စိတ်ဝင်စားလာခဲ့ပြီး ဘာစီလိုနာအသင်းကနေ စတင်စိတ်ဝင်စားလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဘက်က ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့အတွက် ဒီပိုင်း နက်တို ရစ်ကီပွတ်ချ်တို့ထဲက တစ်ဦးဦးနဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း အာဆင်နယ်ဘက်ကတော့ သူတို့ရဲ့ အဓိကနောက်ခံလူကို လုံးဝအဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ဂါဘရီရယ်ကို ဘာစီလိုနာအသင်းသာမကပဲ ဂျုဗင်တပ်စ်အသင်းပါ ပစ်မှတ်ထားလာခဲ့ပြီး ဒီနှစ်ရာသီမှာ ကစားသမားဘဝကို အဆုံးသတ်ဖွယ် ရှိနေတဲ့ ချီလီနီရဲ့နေရာမှာ ဂါဘရီရယ်နဲ့ ပြန်လည်အစားထိုးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဂါဘရီရယ်ကို ကမ်းလှမ်းရမှာ အဆင်ပြေနိုင်ဖို့အတွက်ကိုလည်း ဂါဘရီရယ်အတွက် ပြောင်းရွှေ့ကြေး အပါအဝင် အာဆင်နယ်အသင်း အရင်ကတည်းက အလိုရှိနေတဲ့ ကွင်းလယ်လူ အာသာမယ်လိုကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ ဒီမာဇီယိုက သူရဲ့တွစ်တာကနေ ဖော်ပြထားခဲ့ပါတယ်။