MySport Myanmar

ဂရင်းဝုဒ်ကို ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ ဂျုဗင်တပ်စ်

အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ထားတယ်လို့ Daily Mail ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေး ဂရင်းဝုဒ်ဟာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့်လည်း အတူနေချစ်သူနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အမှုအခင်းတွေကြောင့် ယူနိုက်တက်မှာ ဘောလုံးကစားခွင့် မရတော့ပဲ ဂ်ီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : talkSPORT

နဂိုကတည်းက အရည်အသွေးကောင်းတွေ ရှိထားသူဖြစ်တဲ့ ဂရင်းဝုဒ်မှာ ဂီတာဖေးမှာလည်း တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆု ရရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် သူ့ကို လာလီဂါ ကလပ်အသင်းတွေ အပါအဝင် ကလပ်အသင်းကြီးတချို့က စိတ်ဝင်စားလာကြပြီး ခေါ်ယူချင်လာခဲ့ပါတယ်။ အဲ့ဒီအသင်းတွေထဲမှာ ဂျုဗင်တပ်စ်အသင်းလည်း အပါအဝင် ဖြစ်လာခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ ယခင်ကတည်းက ပေါ့ဘာ တဲဗက်ဇ် အီဗရာ အစရှိတဲ့ ယူနိုက်တက် ကစားသမားတွေကို ခေါ်ယူခဲ့ဖူးတဲ့ အစဉ်အလာတွေရှိခဲ့ပြီး အခုတစ်ကြိမ်မှာလည်း ယူနိုက်တက်က အသင်းမှာ နေရာပေးသွားဖွယ် မရှိတော့တဲ့ ဂရင်းဝုဒ်ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

Photo Credit : Reuters

ယူနိုက်တက်ကလည်း ဂီတာဖေးနဲ့ အငှားစာချုပ် ပြည့်သွားတဲ့ ဂရင်းဝုဒ်ကို အသင်းမှာ ပြန်ကစားခွင့် ပေးတော့မှာ မဟုတ်သလို အငှားလည်း ထပ်ချသွားဖွယ် မရှိပဲ အသင်းကနေ အပြီးသတ်သာ ရောင်းထုတ်သွားချင်နေပါတယ်။ ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး အခု သူ့ကို လိုချင်နေတဲ့ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

ဂျုဗင်တပ်စ်ကလည်း ဂရင်းဝုဒ်ကို တခြားအသင်းတွေထက် လက်ဦး ရယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာလည်း အတော်လေးကို ခရီးရောက်နေပြီလို့ သိရပါတယ်။

Exit mobile version