MySport Myanmar

တီမိုဗာနာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတဲ့ ဂျူဗင်တပ်နဲ့ လိုက်ပ်ဇက်

အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်နဲ့ ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း လိုက်ပ်ဇက်တို့က ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းဖို့ တာစူနေတဲ့ ဂျာမဏီ တိုက်စစ်မှူး တီမိုဗာနာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာက ၂၀၂၀ခုနှစ်မှာ လိုက်ပ်ဇက်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကျန်ရှိနေသေးသူပါ။

Photo Credit: Sports Brief

တီမိုဗာနာက ချယ်လ်ဆီးဆီ ရောက်ရှိကာစမှာ သူ့ရဲ့ တိုးအားရုန်းအား ကောင်းမွန်မှုကြောင့် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားခွင့် ရခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ အဆုံးသတ် အားနည်းချက်ကြောင့်ပဲ အထောင် တိုက်စစ်မှူး နေရာထက် တောင်ပံတိုက်စစ်မှာသာ ပိုမို ကစားခွင့် ရခဲ့သလို တူဟယ်လ်ရဲ့ လက်အောက်မှာတော့ သူဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ တီမိုဗာနာက သူဟာ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် ထိပ်သီးအသင်း တသင်းရဲ့ ကမ်းလှမ်းမှု ရလာရင် အသင်းပြောင်းဖို့ စိတ်ကူးရှိကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပြီး တီမိုဗာနာရဲ့ အသင်းဟောင်း လိုက်ပ်ဇက်က တီမိုဗာနာကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို တီမိုဗာနာကလည်း သူ့ရဲ့ အသင်းဟောင်းဆီ ပြန်သွားချင်နေကြောင်း နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်က ဆိုပါတယ်။

Photo Credit: Sports Brief

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇက်အပြင် ဂျူဗင်တပ်ကပါ တီမိုဗာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ဂျူဗင်တပ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် မိုရာတာအပြင် တီမိုဗာနာကိုပါ ခေါ်ယူချင်နေကာ တီမိုဗာနာအတွက် မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

ချယ်လ်ဆီးကတော့ သူတို့ရဲ့ တိုက်စစ်မှူး တီမိုဗာနာအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် လိုချင်နေပြီး ဂျူဗင်တပ်နဲ့ လိုက်ပ်ဇက်တို့ နှစ်သင်းစလုံးက အဆိုပါ ငွေကြေးပမာဏကို ပေးချေနိုင်စွမ်း ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Exit mobile version