ဂျုဗင်တပ်စ်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးပြီး လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားလို့နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းဆီ ပြန်လည်ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ အီတလီအခြေစိုက် နာမည်ကျော်သတင်းမီဒီယာကြီး Calciomercato ကနေ ထုတ်ပြန်ဖော်ပြလာခဲ့ပါတယ်။

Photo Credit : beIN Sport

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားပေါ့ဘာဟာ ၂၀၁၂ခုနှစ်ကမှ ယူနိုက်တက်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၄)နှစ်နီးပါး ပါဝင်ကစားသွားခဲ့ကာ အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှာပဲ အသင်းဟောင်းယူနိုက်တက်ဆီကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ အခုဆို ပေါ့ဘာဟာ ယူနိုက်တက်မှာ (၅)နှစ်နီးပါး ပါဝင်ကစားနေခဲ့ပြီး အသင်းနဲ့ အဆင်ပြေနေပေမယ့်လည်း သူရဲ့အနာဂတ်က မကြာခဏဆိုသလို လှုပ်ခတ်လျက်ရှိနေတာကြောင့် သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ဘက်ကနေ ပေါ့ဘာကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Photo Credit : Goal

ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး တကယ်လို့ ယူနိုက်တက်ဘက်ကနေ ပေါ့ဘာကို သက်တမ်းမတိုးနိုင်ခဲ့ဘူးဆိုရင် လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အမြန်အဆန် ရောင်းချရတော့မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ယူနိုက်တက်ဟာ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်ကနေ ပေါ့ဘာကို စာချုပ်သက်တမ်း တိုးမတိုးဆိုတာကို အလျင်အမြန် ဆောင်ရွှက်ရတော့မှာဖြစ်ကာ မဆောင်ရွှက်နိုင်ဘူးဆိုရင်တော့ နွေစျေးကွက်မှာပဲ ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ဂျုဗင်တပ်စ်အသင်းကနေ ပြန်လည်ကြိုးပမ်းလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ပေါ့ဘာကို ခေါ်ယူရာမှာ ငွေကြေးသီးသန့် သုံးစွဲနိုင်မှာမဟုတ်ပဲ အသင်းရဲ့ ကစားသမားတချို့ကို အလိုက်ပေးပြီးသာ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပေါ့ဘာက ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတဲ့အပြင် မနေ့ညက အေစီမီလန်အသင်းနဲ့ ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း သူရဲ့အဖိုးတန်သွင်းဂိုးတစ်ဂိုးနဲ့လည်း အသင်းကို ကွာတားဖိုင်နယ်အဆင့် တတ်လှမ်းထားနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။