စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်မှာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းကို အဝေးဂိုးစည်းမျဉ်းနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရအပြီး မှာတော့ အသင်းရဲ့နည်းပြ ဆာရီကို ထုတ်ပယ်ကာ အသင်းရဲ့ ကစားသမားဟောင်း ပီယာလိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဆိုပါ နည်းပြသစ် ပြောင်းလဲခန့်အပ်မှုရဲ့ နောက်ကွယ်မှာ ဂျူဗင်တပ်အသင်းရဲ့ အသင်းတွင်း အနေအထားဟာ အတော်လေးကို ပြောင်းလဲလာခဲ့ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရ အပြောင်းအရွှေ့ ပေါ်လစီတွေမှာပါ သိသိသာသာ ပြောင်းလဲလာတယ်လို့ သိရှိရပြီး ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူမယ့် အစီအစဉ်ကို ရုတ်သိမ်းသွားခဲ့ပါတယ်။

Photo Credit: Mercato

ဂျူဗင်တပ်အသင်းဟာ ကနဦးမှာ နည်းပြဟောင်း ဆာရီရဲ့ တပည့်ဟောင်း ဖြစ်တဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ယခု နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အတွက် ပြင်ဆင်ခဲ့တာ ဖြစ်ပြီး ယခု အချိန်မှာတော့ အဆိုပါ ပြင်ဆင်မှုတွေကို ရုတ်သိမ်းသွားခဲ့ကာ ဂျော်ဂျင်ဟိုကို ခေါ်ယူမယ့်အစား စီးရီးအေကနေ တန်းဆင်းသွားတဲ့ ဘရက်စီယာအသင်းရဲ့ ကွင်းလယ်လူ တိုနယ်လီကို ပြောင်းလဲ ကမ်းလှမ်းသွားမယ် လို့ သိရှိရပါတယ်။ အသက်၂၀အရွယ်သာ ရှိသေးတဲ့ အီတလီ ကွင်းလယ်လူ တိုနယ်လီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘရက်စီယာအသင်း အတွက် စီးရီးအေပွဲစဉ် ၃၅ ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mercato

အီတလီရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Gazzetta cello Sport သတင်းဌာနရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ ကနဦးမှာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ လုပ်ခဲ့ပေမယ့် လက်ရှိ အချိန်မှာ အဆိုပါ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်လိုက်ပြီး တိုနယ်လီကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာတယ် လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ အသက်၂၀အရွယ်သာ ရှိသေးတဲ့ တိုနယ်လီအတွက် ဘရက်စီယာအသင်း ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ပေးချေ ရနိုင်တယ်လို့ အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ ဟီဂူအင်ဟာလည်း လက်ရှိ နွေစျေးကွက်မှာ အသင်းပြောင်းဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။