MySport Myanmar

မန်ယူကြယ်ပွင့် တဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ဂျူဗင်တပ်

အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေတဲ့ ဝါရင့် စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ဒီဂီယာက ၂၀၁၁ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက် အတွက် ဆယ်စုနှစ် တစုကြာအောင် ကစားပေးထားသလို အသင်းရဲ့ ဂန္တဝင် ဂိုးသမား တဦး အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။

Photo Credit: Football 365

ဒီဂီယာက ဆယ်စုနှစ် တစုကျော်ကြာအောင် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးထားသလို လက်ရှိအထိ လက်စွမ်းကောင်းတွေလည်း ပြသထားနိုင်ပေမယ့် သူ့ရဲ့ ဘောလုံးပေးပို့မှု အားနည်းချက်ကြောင့် နည်းပြ တန်ဟက်ဂ်ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ အံဝင်အောင် ကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဒီဂီယာကို စာချုပ်သစ် ထပ်မချုပ်ဖို့ စဉ်းစားနေပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ကသာ ဒီဂီယာကို စာချုပ် မချုပ်ဆိုရင် ဒီဂီယာဟာ ရာသီကုန်ရင် ယူနိုက်တက်ကို စွန့်ခွာရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

လက်ရှိမှာတော့ ဥရောပ ထိပ်သီးအသင်း တချို့က မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီဂီယာတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ထိပ်တန်း ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အမြဲတမ်း ချောင်းနေလေ့ ရှိတဲ့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ဒီဂီယာကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဆိုပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က သူတို့အသင်းရဲ့ အားနည်းချက် တရပ်လို ဖြစ်နေတဲ့ ဂိုးသမား နေရာ အတွက် ဒီဂီယာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို ဒီဂီယာကလည်း သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမယ်လို့ ယုံကြည်နေကာ တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂီယာကို လက်လွှတ်လိုက်ရရင် အဲဗာတန်နဲ့ အင်္ဂလန် ဂိုးသမား ပစ်ဖို့ဒ်ကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Exit mobile version