အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ရူဘင် လော့ဖ်တပ်ချိကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး အီတလီ သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဂျူဗင်တပ်အသင်းဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ အာရွန် ရမ်ဆေးနဲ့ အာသာ မယ်လိုတို့ကို အသင်းကနေ ထွက်ခွာခွင့် ပြုထားတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်လူသစ် တဦးကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Talksports

အသက် ၂၅နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်ချိဟာ ဗဟိုကွင်းလယ်လူ အဖြစ်နဲ့ ကစားနိုင်ရုံသာမက ကွင်းလယ်တိုက်စစ် နေရာမှာပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်သလို ဘောလုံးစွမ်းရည်လည်း ကောင်းမွန်သူပါ။

ဒါပေမယ့် လော့ဖ်တပ်ချိရဲ့ အားနည်းချက်ဟာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့တတ်တာ ဖြစ်ပြီး အဆိုပါ အားနည်းချက်ကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် စုစုပေါင်း ပြိုင်ပွဲစုံမှာ ၁၉ပွဲသာ ပါဝင် ကစားပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Talksports

ရူဘင် လော့ဖ်တပ်ချိဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားလည်း ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို ရောင်းမထုတ်ချင်ပေမယ့် လော့ဖ်တပ်ချိ ကတော့ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့် ရဖို့ အတွက် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရတော့ ဂျူဗင်တပ်အသင်းဟာ ရူဘင် လော့ဖ်တပ်ချိကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လော့ဖ်တပ်ချိရဲ့ အေးဂျင့်နဲ့လည်း ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။