စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က လာမယ့် ဆောင်းဈေးကွက်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာတော့မယ့် အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး သူက နည်းပြချုပ် တန်ဟက်ဂ်နဲ့လည်း မကြာသေးမီကမှ ပြဿနာ တက်ခဲ့ပါသေးတယ်။

Photo Credit: Goal

တန်ဟက်ဂ်နဲ့ ဆန်ချိုတို့က ပွဲထွက်ခွင့်ကိစ္စနဲ့ ပတ်သတ်ပြီး စကားများ ရန်ဖြစ်ခဲ့ကြတာ ဖြစ်ကာ အဆိုပါကိစ္စကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခဲ့သလို အကယ်ဒမီအသင်းနဲ့ပါ လေ့ကျင့်ခန်းတွေ ပူးပေါင်း လုပ်ဆောင်ခိုင်းထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို တန်ဟက်ဂ်အား ပြန်တောင်းပန်ရင် အသင်းရဲ့ လူစာရင်းထဲ ပြန်ထည့်ပေးမယ်လို့ ပြောကြားခဲ့ပေမယ့် ဆန်ချိုကတော့ တန်ဟက်ဂ်ကို ပြန်တောင်းပန်ဖို့ ငြင်းဆန်ခဲ့သလို လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့ပါ ပြင်ဆင်နေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် စတင် လှုပ်ရှားနေပြီး ဂျူဗင်တပ်ဟာ ဆန်ချိုကို ရာသီဝက်အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဂျူဗင်တပ်က ဆန်ချိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေပေမယ့် ဆန်ချိုရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေဖို့ စိတ်ကူးမရှိပဲ မန်ချက်စတာ ယူနိုက်တက်ကတော့ ဆန်ချိုကို အငှားထက် အပြီးသတ်သာ ရောင်းချချင်နေတာကြောင့် ဂျူဗင်တပ်ရဲ့ ဆက်သွယ်မှုကို မတုံ့ပြန်သေးဘူးလို့လည်း နီးစပ်သူတွေက ဆိုထားကြပါတယ်။