အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေသူပါ။

Photo Credit: Football Italia

လက်ရှိမှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက မာရှယ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်ထားပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်တွေFoo ရှိနေတဲ့ အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းကလည်း မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း မာရှယ်နဲ့ နီးစပ်သူတွေက ယနေ့မနက်ပိုင်းမှာပဲ အတည်ပြုသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Italia သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ မိုရာတာ ၊ မွိုက်ဆီကိန်းတို့ရဲ့ ခြေစွမ်းပိုင်းကို သဘောမကျတာကြောင့် ဒိုင်ဘာလာနဲ့ တွဲဖက် ကစားဖို့ မာရှယ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဂျူဗင်တပ်အသင်းရဲ့ တာဝန်ရှိသူတွေက မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူ လန်ဘော်လေနဲ့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Football Italia

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဝါရင့် တိုက်စစ်မှူး တဦး ဖြစ်သူ ကာဗာနီကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် မာရှယ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့် မာရှယ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းတန် ကမ်းလှမ်းမှုသာ ရလာပါက မာရှယ်ကို ရောင်းထုတ်နိုင်ပါတယ်။