အီတလီ စီးရီးအေ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ဟာ တိုရီနိုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဗဟိုခံစစ်မှူး ဘရီမာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် ဗဟိုနောက်ခံလူ ဘရီမာဟာ ၂၀၁၈ခုနှစ်မှာ ဘရာဇီးလ်ကလပ် မင်နဲရိုးကနေ တိုရီနိုထံ ပြောင်းရွှေ့ကြေး ယူရို ၅.၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။

Photo Credit: Di Marzio

ညာခြေအားသန် နောက်ခံလူ တဦး ဖြစ်သူ ဘရီမာဟာ ယခုနှစ် ဘောလုံးရာသီမှာ တိုရီနိုအတွက် ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားကာ အဝါကတ် ၅ကြိမ် ပြသခံထားရပါတယ်။

ဘရီမာဟာ အမြင့်ဘော အားသန်သလို ကစားအား ကောင်းမွန်တဲ့ ခံစစ်မှူး တဦး ဖြစ်တာကြောင့် အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ဟာ ဘရီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း အီတလီ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနက ဆိုပါတယ်။

Photo Credit: Di Marzio

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အင်တာမီလန်အနေနဲ့ ဘရီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို အတည်ပြုပေးထားပြီး အင်တာမီလန်က ရာသီကုန်တာနဲ့ ဘရီမာကို အရ ခေါ်ယူနိုင်ဖို့ ကြိုးစားရန် စီစဉ်ထားကြောင်း ယနေ့မနက် အစောပိုင်းမှာပဲ ဖော်ပြခဲ့ပါတယ်။

တိုရီနိုကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ဘရီမာ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တခု ရလာရင် ဘရီမာကို ရောင်းထုတ်ဖို့ စီစဉ်ထားပြီး ဘရီမာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။