စီးရီးအေ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ စပိန် လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ယနေ့ခေတ် ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုကို ပိုင်ဆိုင်ထားသော်လည်း နောက်ထပ် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ မက်ဆီကို ထပ်မံခေါ်ယူဖို့ စဉ်းစားလာပြီး ခေါ်ယူခွင့် ရှိမယ်ဆိုပါက ခေါ်ယူမှာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ယခုနှစ် နွေအပြောင်းအ​ရွှေ့မှာ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး ဘာစီလိုနာအသင်း ကတော့ မက်ဆီကို အသင်းမှာ ဆက်ထိန်းထားဖို့ အတွက် ကြိုးစားနေပါတယ်။ ဒါပေမယ့် စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ကစားဖို့ ဆန္ဒမရှိတော့ပဲ လက်ရှိ နွေစျေးကွက် အတွင်းမှာ သူ့ကို ထွက်ခွာခွင့် ပေးဖို့ အသင်းထံ ထပ်မံ တောင်းဆိုထားပြီး သူဟာ ချန်ပီယံလိဂ်ဖလားကို လိုချင်တာကြောင့် အသင်းပြောင်း ကစားဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ မက်ဆီဟာ ဆရာဟောင်း ဂွာဒီယိုလာ ရှိရာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ ကစားဖို့ ရေပန်းစားနေပေမယ့် ပြင်သစ် အင်အားကြီး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီိအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ မက်ဆီရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ မက်ဆီကို ခေါ်ယူဖို့ အတွက် သုံးစွဲရမယ့် ငွေကြေးပမာဏကို စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပြီး ဂျူဗင်တပ်အသင်းဟာ ကြားခံလူ တစ်ဦးကနေ အဆိုပါ စုံစမ်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ကာ လက်ရှိမှာတော့ အဆိုပါ ကြားခံလူက ဂျူဗင်တပ်အသင်းရဲ့ စုံစမ်းမှုကို Sky Sports သတင်းဌာနဆီ ဖောက်သည်ချခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ခေတ် ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်တဲ့ မက်ဆီနဲ့ ရိုနယ်ဒိုကို ဂျူဗင်တပ်အသင်းမှာ တွဲဖက်မြင်ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။