အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးနေရတဲ့ နောက်ခံကစားသမား ဒီမီရယ်ကို စပါးအသင်းဘက်ကနေ ပစ်မှတ်ထားလျက်ရှိနေပေမယ့်လည်း အသင်းဘက်ကတော့ ဒီမီရယ်ကို ရောင်းချသွားဖို့ ဆန္ဒမရှိသလို ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ ချီလီနီနဲ့ဘနူချီတို့ ခြေစွမ်းပိုင်း ကျဆင်းလာချိန်မှာ အဆင့်သင့်အသုံးပြုဖို့အတွက် ဒီမီရယ်ကို အသင်းမှာသာ ဆက်ထိန်းထားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွယ်ရှိ တူရကီလက်ရွေးစင် နောက်ခံကစားသမား ဒီမီရယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဆာဆူအိုလိုကနေ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗဟိုခံစစ်နေရာမှာ အဓိကပါဝင်ကစားတတ်သူ ဖြစ်ပေမယ့်လည်း လိုအပ်ရင် ညာနောက်ခံလူအဖြစ်နဲ့ပါ ကစားတတ်သူလည်းဖြစ်ပါတယ်။ ဒီမီရယ်ဟာ ဒီနှစ်ရာသီအတွင်း စီးရီးအေပွဲစဉ်(၆)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး ကြွက်သားဒဏ်ရာပြသာနာကြောင့် စီးရီးအေပွဲစဉ်(၆)ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၂)ပွဲကို လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : The Boot Room

ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဖြစ်သူ အန်ဒရီပီယာလိုကတော့ အသင်းရဲ့ခံစစ်ပိုင်းမှာ ဝါရင့်နောက်ခံကစားသမား ဘနူချီနဲ့ လူငယ်နောက်ခံကစားသမား ဒီလစ်တို့ကိုပဲ ပုံမှန်တွဲဖက်အသုံးပြုသွားဖို့ အစီအစဉ်ရှိလို့နေပြီး ဒီမီရယ်နဲ့ ဝါရင့်ခံစစ်မှူးကြီး ချီလီနီတို့ကိုတော့ ပွဲထွက်ကစားခွင့်ကို အကန့်အသတ်နဲ့သာ အသုံးပြုသွားချင်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေရတဲ့ ဒီမီရယ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ပစ်မှတ်ထားလို့နေပြီး ခံစစ်ပိုင်းကို အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ဟိုဆေးမော်ရင်ဟိုရဲ့ စပါးအသင်းက ဒီမီရယ်ကို အဓိကပစ်မှတ်ထားလို့နေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ အူဒီးနီးစ်နဲ့ ပွဲစဉ်မှာပါ အရန်ခုံကနေ ဝင်ရောက်ကစားခွင့် မရခဲ့တဲ့အပေါ် စိတ်ပျက်လို့နေပြီး သူရဲ့အနာဂတ်ကိုပါ စဉ်းစားလာခဲ့တဲ့အတွက် သူ့ကို အခုဆောင်းစျေးကွက်ထဲမှာပဲ ကလပ်အသင်းတွေကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖို့ စီစဉ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ဂျုဗင်တပ်စ်ဘက်ကနေ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်သလို အလားအလာကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ဒီမီရယ်လို ကစားသမားမျိုးကိုလည်း အသင်းကနေ အလွယ်တကူ လက်လွတ်လိုက်ရခြင်း မရှိစေဖို့အတွက် လာမယ့်ပွဲစဉ်တွေမှာ နေရာပြန်လည်ပေးသွားဖို့လည်း ရှိနေပါတယ်။ လက်ရှိမှာတော့ ဒီမီရယ်ဟာ အသင်းအတွက် မကစားပေးနိုင်တာ (၇)ပွဲအထိကို ရှိလာခဲ့ရပြီဖြစ်ပါတယ်။