ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့ ဝါရင့် ခံစစ်ကစားသမားကြီး ချီလီနီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကို နည်းစနစ်ပိုင်း ပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဒီနှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်အတွင်းမှ အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ မာတီနက်ဇ်ဟာ သာမန် ခံစစ်မှူးတစ်ဦး ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိပေမဲ့လည်း ခံစစ် နည်းစနစ်ပိုင်း ကောင်းမွန်သလို အသင်းအတွက်ကိုလည်း ရဲရဲရင့်ရင့်နဲ့ aggressive ဆန်ဆန် ကစားပေးနိုင်သူလည်း ဖြစ်ပါတယ်။ ဒီကစားသမားကို ဝါရင့် နောက်ခံလူကြီး ချီလီနီက “သူက အရမ်းတော်တယ်။ နည်းစနစ်ပိုင်းအရ အရမ်းကောင်းပြီး ခံယူချက်လည်း ကောင်းမွန်တယ်။ သူက အရပ်မမြင့်မားဘူး။ ဒါပေမဲ့ aggressive ဆန်တယ်။ မြန်တယ်။ နည်းစနစ်ပိုင်းအရ ပြီးပြည့်စုံတယ်”

Photo Credit : The Mirror

“သူက တခြား နောက်ခံလူတစ်ဦးနဲ့ ရောနှောထားသလိုမျိုးကို သူက ပြီးပြည့်စုံနေတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘနူချီအတွက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပြီးပြည့်စုံနေအောင် လုပ်ဆောင်ခဲ့ပါတယ်။ လီဆန်ဒရိုက အော်တာမန်ဒီတို့ ရိုမဲရ်ိုးတို့နဲ့ နိုင်ငံအသင်းမှာ ကစားနိုင်တယ်။ သူနဲ့သာ တွဲကစားရရင် သူတို့လည်း perfect ဖြစ်လာလိမ့်မယ်။ အရိုးသားဆုံး ပြောရရင် ကျွန်တော် သူ့ကို ခံစစ်မှူးတစ်ဦးအဖြစ်နဲ့ စပြီး မြင်တွေ့ခဲ့ရတုန်းကတော့ အခုလို အနေအထားမျိုးအထိ ရောက်လာနိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီလို မထင်ခဲ့မိတာ မှားတာပါပဲ။ သူက လွန်ခဲ့တဲ့ (၂)နှစ်အတွင်းမှာ မယုံနိုင်စရာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အင်္ဂလန်လိဂ်တွေက ကစားရခက်တယ်။ ဒါပေမဲ့ သူက ခြေစွမ်းပြသနိုင်တယ်။ သူက ဘယ်တော့မှ အရှုံးမပေးဘူး။ အရပ်မြင့်တဲ့ တိုက်စစ်ကစားသမားတွေနဲ့လည်း ရင်ဆိုင်ရဲတယ်။ သူရဲ့စိတ်ဓါတ်ကို တော်တော် သဘောကျမိတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အာဂျင်တီးနားလက်ရွေးစင် ခံစစ်ကစားသမား မာတီနက်ဇ်ဟာ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ နောက်ခံလူဖြစ်ပြီး သူ့ကို ကလပ်အသင်းများစွာ စောင့်ကြည့်နေတဲ့ကြားက ဆရာသမားဟောင်းဖြစ်သူ အဲရစ်တန်ဟက်ဂ်က ယူနိုက်တက်အသင်းဆီ အရ ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။