အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ စပိန်လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာအသင်းရဲ့ နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်းကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ချီယေဆာဟာ ဒူးကောက်ကြော ပြတ်တောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေတာကြောင့် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ကာလတို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘာစီလိုနာအသင်းမှာ အသင်းရဲ့နည်းပြ ဇာဗီနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ ဒီပိုင်းက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အသက် ၂၇နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ လိုင်ယွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

ဒီပိုင်းဟာ ဘာစီလိုနာအသင်းထံ စတင် ရောက်ရှိကာစမှာ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းနဲ့ ဆက်ဆံရေး အဆင်ပြေတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရရှိခဲ့သလို ခြေစွမ်းပြ ဂိုးသွင်းယူမှုတွေလည်း ရှိခဲ့ပေမယ့် ဘာစီလိုနာ အသင်းက ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ဒီပိုင်းရဲ့ အနာဂတ်က မရေမရာ ဖြစ်လာပါတယ်။

 

Photo Credit: Daily Mail

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ နည်းပြ ဇာဗီဟာ အသင်းရဲ့ မူရင်း ကစားဟန် ဖြစ်တဲ့ တီကီတာကာ ကစားဟန်ကို ပြန်လည် အသက်သွင်းဖို့ စီစဉ်ထားတာကြောင့် လျင်မြန်မှု အသားပေး ကစားတတ်တဲ့ ဒီပိုင်းကို အသင်းကနေ အလျင်မြန်ဆုံး ပြန်ရောင်းဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို အသိပေးထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းက ဒီပိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဒီပိုင်းရဲ့ အေးဂျင့်နဲ့လည်း ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက ဖော်ပြထားပါတယ်။