အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က အသင်းကနေ ထွက်ခွာတော့မယ့် နယ်သာလန် ခံစစ်မှူး ဒီလစ်ရဲ့ နေရာကို အစားထိုးဖို့ အတွက် အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်ကို ခေါ်ယူရန် မျက်စိကျနေပြီး ဂါဘရီရယ် အတွက် အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Independent သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခု နွေဈေးကွက် အတွင်းမှာပဲ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားသလို ဘိုင်ယန်မြူးနစ်ကလည်း ဒီလစ်အတွက် ဂျူဗင်တပ်ရဲ့ တောင်းဆိုမှု ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းကို ပေးချေဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ဂျူဗင်တပ်က သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဖြစ်တဲ့ ဒီလစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ခံစစ်မှူး တဦးကို စတင် ရှာဖွေနေပြီး အာဆင်နယ်နဲ့ တောက်ပနေတဲ့ ဘရာဇီးလ် ခံစစ်မှူး ဂါဘရီရယ်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် ခံစစ်မှူး ဂါဘရီရယ်က ၂၀၂၀ခုနှစ်မှာ လိုင်လီကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာပဲ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ အာဆင်နယ်ရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဂါဘရီရယ်ကို ခေါ်ယူဖို့ အတွက် အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး အာဆင်နယ်က ဂါဘရီရယ်ရဲ့ တန်ကြေးကို ပေါင် ၄၆သန်း သတ်မှတ်ထားကာ ဂျူဗင်တပ်က ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့ အဆိုပါ ပြောင်းရွှေ့ကြေးအား ပေးချေရန် လိုလားနေကြောင်း သိရပါတယ်။

ဘရာဇီးလ် အခြေစိုက် သတင်းဌာန တချို့ကလည်း ဂျူဗင်တပ်ဟာ ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း အတည်ပြုပေးထားသလို ဂါဘရီရယ် ကိုယ်တိုင်ကလည်း လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် အာဆင်နယ်ထက် ပိုပြီး ကျော်ကြားသလို ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရထားတဲ့ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ချင်နေကြောင်း ဖော်ပြထားကြပါတယ်။