MySport Myanmar

ပေါ့ဘာကို စာချုပ်ဖျက်သိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ဂျုဗင်တပ်စ်အသင်း တုံ့ပြန်

ဂျုဗင်တပ်စ်အသင်းဟာ အသင်းမှာ ဒဏ်ရာတွေ မကြာခဏ ရရှိနေပြီး အသင်းအတွက် တစ်ပွဲတစ်လေမှ ကစားပေးထားရခြင်း မရှိသေးတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းကနေ ရောင်းချသွားချင် ဒါမှမဟုတ် စာချုပ်ဖျက်သိမ်းသွားချင်နေတယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်ထားခဲ့မှုအပေါ် ဂျုဗင်တပ်စ်ဘက်က ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Juventus FC

နွေရာသီ အပြောင်းအရွေ့ဈေးကွက်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ သူ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့ပြီး အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲအတွင်းမှာပဲ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို တောက်လျှောက် လွဲချော်ထားခဲ့ရပါတယ်။ ဒီဒဏ်ရာကြောင့် (၆)လလောက်အထိ အသင်းပွဲစဉ်တွေကို မပါဝင်ထားရတဲ့ ပေါ့ဘာကို ဂျုဗင်တပ်စ်အသင်းဘက်က သည်းမခံနိုင်တော့လို့ အသင်းက ရောင်းထုတ်တာ ဒါမှမဟုတ် စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထုတ်ပယ်သွားချင်တာမျိုး လုပ်ဆောင်ချင်နေတယ်လို့ သတင်းထွက်လာခဲ့ရပြီး ဒီကောလဟာလတွေကိုတော့ ဂျုဗင်ဘက်က ပယ်ချသွားပါတယ်။

Photo Credit : Twitter

အသက်(၂၉)နှစ်အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ ဒူးဒဏ်ရာကြောင့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွဲချော်ထားခဲ့ရပြီး ဂျုဗင်တပ်စ်အသင်းရဲ့ စီးရီးအေ ချန်ပီယံလိဂ် ပွဲစဉ်တွေကိုပါ ဆက်တိုက် လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေပေမယ့် ကောလဟာလတွေ ထွက်ပေါ်နေသလို ပေါ့ဘာကို အသင်းကနေ ထုတ်သွားဖို့ အစီအစဉ် လုံးဝ ရှိမနေပဲ ဒဏ်ရာကနေ သက်သာပြီး ပြန်ကစားပေးနိုင်ဖို့ကိုသာ စောင့်ဆိုင်းနေတယ်လို့ ဂျုဗင်တပ်စ်ဘက်က ထုတ်ပြန်သွားခဲ့ပါတယ်။ ပေါ့ဘာဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ခန့်ကလည်း ယူနိုက်တက်ကနေ ဂျုဗင်တပ်စ်အသင်းဆီ အခုလို free transfer နဲ့ ပြောင်းရွေ့ခဲ့ပြီး အသင်းမှာ (၄)နှစ် ဖြတ်သန်းခဲ့သလို ဆုဖလား အောင်မြင်မှုများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပရိသတ်အချစ်တော် ကစားသမား ဖြစ်ခဲ့ရသူ ပေါ့ဘာဟာ ဒီရာသီမှာ အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် သူရဲ့ဒဏ်ရာပြသာနာတွေကြောင့် အသင်းအတွက် တစ်မိနစ်မှ ပါဝင်နိုင်ခြင်း မရှိရသေးပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ ပြီးခဲ့တဲ့ မွန်ဇာနဲ့ပွဲမှာ အသင်းရဲ့အရန်စာရင်းထဲ ပါဝင်လာပြီဖြစ်လို့ လာမယ့်ပွဲတွေမှာတော့ ပွဲထွက်လူစာရင်းထဲပါ ပါဝင်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။

Exit mobile version