အီတလီ စီးရီးအေ ထ်ိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားနေတဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီယန် အမ်မရာဘတ်ကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ The Sun နဲ့ အီတလီ သတင်းစာတွေကနေပါ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိ မော်ရိုကို လက်ရွေးစင် ကွင်းလယ်ကစားသမား အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုနဲ့အတူ တောက်ပခဲ့သူဖြစ်ပြီး သူရဲ့ ဖီအိုရင်တီးနားအသင်းကိုပါ ကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲအဆင့်ထိလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Juvefc

ဒီလို စွမ်းဆောင်ခဲ့မှုတွေကြောင့်ပဲ ဒီနွေမှာ သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ အမြောက်အများ ရှိခဲ့ရပြီး ဒီထဲကမှ ယူနိုက်တက်အသင်းက လက်ဦးမှု ရယူခဲ့ရင်း အမ်မရာဘတ်ကို ဖီအိုရင်တီးနားကနေ တစ်ရာသီ အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အမ်မရာဘတ်က ယူနိုက်တက်မှာ အံ့ဝင်ခြင်း မရှိပဲ ခြေစွမ်းပြဖို့ပါ ရုန်းကန်နေခဲ့ရပြီး ပွဲအနည်းငယ်လောက်သာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ဆယ်ကျော်သက် ကစားသမားလေး မိန်းနူးကပါ တောက်ပလာခဲ့လို့ အမ်မရာဘတ်က ပွဲကစားခွင့်တွေ အတော်လေး လျှော့နည်းလာခဲ့ရပါတယ်။

Photo Credit : Goal

ဒီအခြေအနေအရဆိုရင် ယူနိုက်တက်အနေနဲ့ အမ်မရာဘတ်ကို လာမယ့်နွေမှာ အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိတော့ပဲ သူရဲ့ မူလကလပ် ဖီအိုရင်တီးနားအသင်းဆီသာ ပြန်လည် စေလွှတ်ဖို့ ရှိနေရာ ဒါကို ဂျုဗင်တပ်စ်က အခွင့်အရေးယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဂျုဗင်တပ်စ်ကလည်း အသင်းမှာ အားထားရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ တားမြစ်ဆေး သုံးစွဲမှုကြောင့် (၄)နှစ်အထိ ကာလရှည်ကြာ ပွဲပယ်ထားခံရတဲ့အပေါ် နောက်ထပ် ကွင်းလယ်လူတစ်ဦးကို ပြန်လည် အစားထိုးဖို့အတွက် စီးရီးအေ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အမ်မရာဘတ်ကို ခေါ်ယူသွားချင်နေပါတယ်။