အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ဆော်ဒီကလပ် အယ် အတ်တီဖတ်ကို စွန့်ခွာကာ ဥရောပမြေဆီ ပြန်လာချင်နေတဲ့ အင်္ဂလန် ကွင်းလယ်လူ ဟန်ဒါဆန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဟန်ဒါဆန်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူး ကနေ အသင်းဖော်ဟောင်း ဂျာရတ် ဦးဆောင်နေတဲ့ အယ် အတ်တီဖတ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အယ် အတ်တီဖတ်က ဟန်ဒါဆန်အတွက် လီဗာပူးကို ပြောင်းရွှေ့ကြေး ယူရို ၁၄သန်း ပေးချေခဲ့ရသလို ဟန်ဒါဆန်ကိုလည်း တပတ် လုပ်ခလစာ ပေါင် ၇သိန်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၃နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဟန်ဒါဆန်က အယ် အတ်တီဖတ်မှာ တပတ် လုပ်ခလစာ ပေါင် ၇သိန်း အထိ ရနေသလို အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူ ကစားနေရပေမယ့် ဆော်ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အသားမကျသလို သူ့ရဲ့ မိသားစုဝင်တွေက ဆော်ဒီနိုင်ငံမှာ မပျော်တာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ဥရောပမြေဆီ ပြန်လာချင်နေပါတယ်။

pol;8777777777

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က အယ် အတ်တီဖတ်ကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဟန်ဒါဆန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ထားပြီး ဟန်ဒါဆန်ကလည်း ဂျူဗင်တပ်ဆီ ပြောင်းလာဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

လက်ရှိမှာ ဂျူဗင်တပ် အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့က ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် အယ် အတ်တီဖတ်ကတော့ သန်းပေါင်းများစွာ အကုန်အကျခံကာ ခေါ်ယူထားရတဲ့ ဟန်ဒါဆန်ကို အလွယ်တကူ အသင်းပြောင်းခွင့် ပေးမှာ မဟုတ်ပဲ အငှားကြေး + လုပ်ခလစာ အပြည့်အဝ ပေးချေပါ့မယ် ဆိုတဲ့ ကမ်းလှမ်းမှုမျိုး ရမှသာ အသင်းပြောင်းခွင့် ပေးဖွယ် ရှိပါတယ်။