အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွတ်လိုက်ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ နွေစျေးကွက် မပိတ်သိမ်းခင်မှာပဲ ရော်နယ်ဒိုရဲ့နေရာ ပြန်လည်ဖြည့်တင်းသွားဖို့အတွက် တိုက်စစ်ကစားသမားတွေကို ရှာဖွေလျက်ရှိနေပြီး လတ်တလောမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ စပိန်နာမည်ကျော်သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : CGTN

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကြယ်ပွင့်ကစားသမား ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရခဲ့သလို အသင်းမှာလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။ လက်ရှိမှာလည်း ရီးယဲလ်ဘက်က အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ကီလီယန်အမ်ဘာပေကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံး ဖြစ်နေတာကြောင့် ဟာဇက်ကို လက်လွတ်သွားချင်နေပြီး ဒီလိုအခြေအနေရှိနေတဲ့ ဟာဇက်ကို ဂျုဗင်တပ်စ်အသင်းဘက်ကနေ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Marca

ဂျုဗင်တပ်စ်အသင်းဟာ စပိန်မြေမှာ ရုန်းကန်နေရတဲ့ ဟာဇက်ကို တစ်ရာသီအငှားစာချုပ်မျိုးနဲ့ ကမ်းလှမ်းသွားချင်နေတာဖြစ်ပြီး ရီးယဲလ်ကလည်း ဟာဇက်လို လုပ်ခလစာများစွာ ပေးချေထားရတဲ့ ကစားသမားမျိုးကို အသင်းကနေ လက်လွတ်သွားချင်နေပါတယ်။ ဒါပေမယ့် ရီးယဲလ်ဘက်က ဟာဇက်ကို အပြီးသတ်သာ ရောင်းချသွားဖို့ ဆန္ဒရှိနေတာကြောင့် ဂျုဗီနဲ့ ရီးယဲလ်တို့ကြား ဆက်လက်ဆွေးနွေးရဖွယ် ရှိ်နေပါတယ်။ ဟာဇက်ကို အလိုရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဟာဇက်အပြင် အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ မွိုက်စ်ကင်းကိုလည်း အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ စီစဉ်လျက်ရှိနေပြီး ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မာရိုအီကာဒီကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။ ဒါပေမယ့် အသင်းဘဏ္ဍာရေးပိုင်း အဆင်မပြေ ဖြစ်လို့နေတဲ့ ဂျုဗင်တပ်စ်အသင်းအနေနဲ့ ပစ်မှတ်ကစားသမားတွေကို အငှားစာချုပ်နဲ့သာ ကမ်းလှမ်းရနိုင်ပြီး အငှားပြည့်မှသာ အပြီးသတ်ခေါ်ယူခွင့်ဆိုတာကို ထည့်သွင်းကမ်းလှမ်းရနိုင်တာကြောင့် တချို့အပြောင်းအရွှေ့တွေက အဆင်မပြေ ဖြစ်လာရနိုင်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ စျေးကွက်အတွင်းမှာတော့ လိုကာတယ်လီ ကိုင်အိုဂျော့တို့ကို ခေါ်ယူထားပြီး ဝက်စ်တန်မက်ကင်းကိုလည်း အပြီးသတ်ခေါ်ယူထားနိုင်ခဲ့ပါတယ်။