အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ် ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ပေါ်လို ဒိုင်ဘာလာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ ၂၀၁၅ခုနှစ်မှာ ပါလာမိုကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပဲ ဖြစ်ပါတယ်။

Photo Credit: Mercato

ဒိုင်ဘာလာဟာ ဂျူဗင်တပ်ရဲ့ တိုက်စစ်ပိုင်း အတွက် အသက်သွေးကြော တခုလို ဖြစ်နေတာကြောင့်ပဲ ဂျူဗင်တပ်က ဒိုင်ဘာလာကို ယခုနှစ် ဘောလုံးရာသီ အစမှာပဲ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့သလို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက်လည်း သဘောတူညီမှု ရခဲ့ပေမယ့် နောက်ပိုင်းမှာ ဂျူဗင်တပ်ဘက်က ဒိုင်ဘာဘာကို ကမ်းလှမ်းထားတဲ့ စာချုပ်အား ရုတ်သိမ်းသွားခဲ့တာကြောင့် ဒိုင်ဘာလာက ဂျူဗင်တပ်နဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ ငြင်းဆန်သွားခဲ့တာပါ။

ဂျူဗင်တပ်ရဲ့ ဒါရိုက်တာ တဦးဖြစ်သူ အာရီဗန်ဘီနီက ယနေ့ မနက်အစောပိုင်းမှာပဲ ဒိုင်ဘာလာ တယောက် ရာသီကုန်မှာ အသင်းကို စွန့်ခွာတော့မယ့် အကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အာရီဗန်ဘီနီက – “ကျွန်တော်တို့တွေ ပေါ်လို ဒိုင်ဘာလာကို စာချုပ်သစ် မချုပ်တော့ပါဘူး။ ကျွန်တော်တို့တွေ သူ့ကို နောက်ထပ် စာချုပ်သစ် ကမ်းလှမ်းမှုတွေလည်း ထပ်မလုပ်တော့ပါဘူး။ ဒီဆုံးဖြတ်ချက်က အတည်ဖြစ်သွားပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mercato

လက်ရှိမှာတော့ ဥရောပ အင်အားကြီးအသင်း အများစုက ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘယ်အသင်းတွေဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြိုးစားလာမလဲ ဆိုတာကိုတော့ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ သိရနိုင်ပါတယ်။