ပြင်သစ် လီဂူးဝမ်း ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန် အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ မန်းဖစ်စ် ဒီပေး ဟာ ဒီရာသီ အသင်း အတွက် စွမ်းဆောင်ရည်တွေကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူပြောအများဆုံး ကစားသမား တစ်ဦး ဖြစ်‌နေပြီးတော့ လာလီဂါ ဘီလူကြီး ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ စီးရီးအေ အသင်းကြီးတစ်သင်း ဖြစ်တဲ့ ဂျုဗင်တပ်စ် အသင်းတို့က အပြိုင်ခေါ်ယူဖို့ အထူး စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမား ဒီပေး အနေနဲ့ လိုင်ယွန် အသင်း နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီကုန်မှသာ ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ အသစ်ထပ်ချုပ်ဆိုဖို့ ဆန္ဒမရှိသလို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စဉ်းစားနေပုံ ရပါတယ်။

Photo Credit: The Sun

အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ မန်းဖစ်စ် ဒီပေး ဟာ ဒီရာသီ ခြေစွမ်းပိုင်းက အထူးကောင်းမွန်လျက် ရှိပြီးတော့ ၂၀၂၀-၂၁ ရာသီမှာ အသင်းအတွက် ၁၆ ပွဲပါဝင် ကစားပေးထားပြီးတော့ သွင်းဂိုး ၈ ဂိုး နဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ အဆိုပါ ခြေစွမ်းတွေကြောင့်ပဲ ဥရောပ အသင်းကြီးတွေက ဒီပေးကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ထိုအထဲမှာ ဘာစီလိုနာလည်း အပါအဝင် ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကလည်း ဘာစီလိုနာ အသင်း အနေနဲ့ ဒီပေး ကို ခေါ်ယူဖို့ အတွက် အစွမ်းကုန် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ငွေကြေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ အခု လက်ရှိအချိန်ထိ တိုင်အောင် ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိနေသေးပေမယ့်လည်း နည်းပြ ရော်နယ်ကိုးမန်း ကတော့ ဒီပေး ကို ခေါ်ယူချင်နေသေးတာ ဖြစ်ပါတယ်။

Photo Credit: The Sun

မန်းဖစ်စ် ဒီပေး ရဲ့ အခြေအနေဟာလည်း ခေါ်ယူချင်တဲ့ အသင်းတွေက များပြားလွန်းတာကြောင့် စာချုပ်ကုန်ဆုံးချိန် နွေရာသီ အပြောင်းအရွှေ့ကာလမှ ဆွေးနွေးတာထက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြိုတင်ပြီး ဆွေးနွေးကာ သဘောတူညီမှု ယူထားမှသာ စိတ်ချရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီ အသင်းကြီး တစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ် ဟာလည်း ဒီပေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဘာစီလိုနာ အတွက်တော့ ခေါ်ယူဖို့ရာ ခက်ခဲတော့မယ့် အခြေအနေ တစ်ခုနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။ အီတလီက ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဂျုဗင်နည်းပြ အန်ဒရီရာ ပီယာလို ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် ဒီပေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပြီး လက်ကျန်ရာသီဝက် အတွက် အသင်းရဲ့ လူစာရင်းကို ဖြည့်တင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ လိုင်ယွန်အသင်း ကတော့ ဒီပေးကို ပြောင်းရွှေ့ကြေး ယူရို ၅သန်းခန့် ရရုံနဲ့ ရောင်းချသွားဖွယ် ရှိကြောင်း သိရပါတယ်။