အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်း အတွက် မွန်တီနီဂရိုး လူငယ်ကြယ်ပွင့် ဗာဆယ်ဂျီ အက်ဇစ်ကို ထပ်မံ ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဂျူဗင်တပ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတွေမှာ တန်ကြေးမြင့် ကစားသမား များစွာကို ခေါ်ယူခဲ့ပေမယ့် သူတို့ ခေါ်ယူခဲ့တဲ့ ကြယ်ပွင့် ကစားသမားတွေက အသင်းအတွက် အကျိုးမပြုခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ နာမည်ကြီး ကစားသမားတွေ အစား လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူမယ့် အစီအစဉ်ကို အသက်သွင်းခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဂျူဗင်တပ်ရဲ့ ကင်းထောက်တွေက နာမည်ကြီး ကစားသမားတွေ အစား ရွက်ပုန်းသီး လူငယ်ကြယ်ပွင့်တွေကို လိုက်လံ ရှာဖွေနေပြီး ဂျူဗင်တပ် ကင်းထောက်တွေရဲ့ မျက်စိကျမှုကို ပထမဦးဆုံး ခံခဲ့ရတဲ့ ကစားသမားကတော့ မွန်တီနီဂရိုး လူငယ်ကြယ်ပွင့် အက်ဇစ်ပဲ ဖြစ်ပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဗာဆယ်ဂျီ အက်ဇစ်က မွန်တီနီဂရိုး ထိပ်သီးကလပ် ပေါ့ဂိုရီကာရဲ့ အဓိက ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ပေါ့ဂိုရီကာနဲ့အတူ ချန်ပီယံလိဂ် ခြေစစ်ပွဲ ၂ပွဲ ၊ ယူရိုပါလိဂ် ခြေစစ်ပွဲ ၂ပွဲ စုစုပေါင်း ဥရောပပွဲ ၄ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် အက်ဇစ်က ပေါ့ဂိုရီကာ အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပြီး သူက ကွင်းလယ်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ ဘယ်တောင်ပံတွေမှာ အဓိက ကစားလေ့ ရှိပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က အက်ဇစ်ကို ခေါ်ယူဖို့ အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဂျူဗင်တပ်ဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၅သန်းကို ပေးချေကာ အက်ဇစ်ကို ခေါ်ယူမယ်လို့ သိရပါတယ်။