အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ပီယာနစ်ကို တရာသီအငှားနဲ့ အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်အသင်း ကနေ ဘာစီလိုနာအသင်းထံ ဘရာဇီးလ် ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်ကာ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ပီယာနစ်ဟာ ဘာစီလိုနာအသင်းမှာ ထင်ထားသလို ပွဲထွက် ကစားခွင့်တွေ မရရှိသလို နည်းပြဖြစ်သူ ကိုးမန်းကလည်း သူ့ကို ယုံကြည်မှု မရှိတာကြောင့် အသင်းထံ ရောက်ရှိအပြီး တနှစ်အကြာမှာပဲ အသင်းကနေ ပြန်လည် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

တဖက်မှာလည်း ဘာစီလိုနာအသင်းဟာ ကြီးမားတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် လုပ်ခလစာ မြင့်မားတဲ့ ကွင်းလယ်လူ ပီယာနစ်ကို အသင်းကနေ ရှင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပီယာနစ်ကို အပြီးသတ် ဝယ်ယူချင်တဲ့အသင်း မရှိတာကြောင့် ဂျူဗင်တပ်အသင်းထံ ပြန်လည် အငှားချဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ပီယာနစ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရခဲ့ပြီး လာမယ့်ရက်ပိုင်း အတွင်းမှာပဲ ပီယာနစ်ဟာ တူရင်မြို့ဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပီယာနစ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းထံ အငှားကြေး ပေးချေရခြင်း မရှိပဲ ပီယာနစ်ရဲ့ လုပ်ခလစာကိုသာ အပြည့်အဝ ပေးချေရဖို့ ရှိကြောင်းနဲ့ ဂျူဗင်တပ် နည်းပြသစ် အယ်လီဂရီနီဟာ ပီယာနစ်နဲ့ အာသာတို့ ကွင်းလယ်အတွဲအဖက်ကို ရာသီသစ်မှာ အဓိက အသုံးပြုဖွယ် ရှိကြောင်း ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။