အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ပြင်သစ် အင်အားကြီး ကလပ် ပီအက်စ်ဂျီအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အီကာဒီကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း ယနေ့မနက် အစောပိုင်းမှာပဲ အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောင်းချပြီးနောက် တိုက်စစ်ပိုင်း အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ဂျူဗင်တပ်အသင်းဟာ စပိန်လက်ရွေးစင် တိုက်စစ်မှူး မိုရာတာကို အက်သလက်တီကို မက်ဒရစ်အသင်း ကနေ အငှားနဲ့ ခေါ်ယူခဲ့ပေမယ့် မိုရာတာရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းချက်ကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဂျူဗင်တပ်အသင်းဟာ မိုရာတာကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းလာချိန်မှာ ခေါင်းညိတ်ပေးခဲ့တာ ဖြစ်ပြီး မိုရာတာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ပီအက်စ်ဂျီအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ အင်တာမီလန် တိုက်စစ်မှူးဟောင်း အီကာဒီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းရဲ့ ကြိုးပမ်းမှုဟာ အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပြီး ဂျူဗင်တပ်အသင်းနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Tutto Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ အီကာဒီကို ရာသီဝက်အငှား + ရာသီကုန်မှာ ယူရို ၃၅သန်းနဲ့ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Marca

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီဟာ ၂၀၁၁ခုနှစ် ကနေ ၂၀၁၉ခုနှစ် အထိ အီတလီ စီးရီးအေပြိုင်ပွဲမှာ ကစားခဲ့ဖူးပြီး စီးရီးအေပြိုင်ပွဲမှာ စုစုပေါင်း ၂၁၉ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁၂၁ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မိုရာတာကို ဘာစီလိုနာဆီ ပို့ပြီး အီကာဒီကို ပြန်လည် ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ လုပ်ဆောင်မှုက ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တရပ် ဖြစ်ကြောင်း သုံးသပ်လိုက်ပါရစေ။