အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ သက်ဆိုင်ရာကလပ်တွေနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတော့မယ့် အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာနဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာတို့ နှစ်ဦးစလုံးကို အလွတ်နဲ့ ခေါ်ယူဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အီတလီ စီးရီးအေရဲ့ ဘုရင်တပါး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အကျပိုင်းကို ပြန်လည် ရောက်ရှိနေပြီး ၂ရာသီ ဆက်တိုက် အမှတ်ပေးဖလားကို ရယူနိုင်ခြင်း မရှိသလို ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင် ဖလားလက်မဲ့ ဘောလုံးရာသီ တခုကို ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းကို အတတ်နိုင်ဆုံး အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပြီး လက်လွှတ်ထားရတဲ့ အမှတ်ပေးဖလားကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ချိန်ရွယ်နေကာ ပေါ့ဘာနဲ့ ဒီမာရီယာတို့ နှစ်ယောက်စလုံးက သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ်တွေပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျူဗင်တပ် ကစားသမားဟောင်း တဦး ဖြစ်သူ ပေါလ် ပေါ့ဘာဟာ ၂၀၁၇ခုနှစ်မှာ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး ပေါ့ဘာက မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေတာကြောင့် ဂျူဗင်တပ်က သူတို့ရဲ့ ကစားသမားဟောင်း ပေါ့ဘာကို ဒုတိယအကြိမ်မြောက် အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတာပါ။

Photo Credit: Express

တဖက်မှာလည်း ဂျူဗင်တပ်က ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား တောင်ပံတိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဒီမာရီယာရဲ့ အေးဂျင့်က ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေနဲ့ တူရင်မြို့မှာ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် မော်ရက်တိုကလည်း ဂျူဗင်တပ်ဟာ ပေါ့ဘာနဲ့ ဒီမာရီယာတို့ကို မကြာခင် ရက်ပိုင်းအတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကာ လုပ်ဆောင်မှုတွေ ပြုလုပ်နေပြီး နှစ်ဦးစလုံးကလည်း ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြကြောင်း အတည်ပြုပေးထားပါတယ်။