စီးရီအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းက ခေါ်ယူဖို့ ကြိုးစား နေတဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ဟူဆန် အာဝါကို ခေါ်ယူဖို့ ချဉ်းကပ် လာကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အာဝါ ဟာ လိုင်ယွန်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအမြင်တွေ ၊ ဘောလုံး​ ပေးပို့နိုင်စွမ်းတွေကြောင့် ပြင်သစ် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံခဲ့ ရသလို ပြင်သစ် လီဂူးဝမ်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူပါ။

Photo Credit: Standard

လက်ရှိမှာတော့ အာဝါကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းက ကြိုးစားနေပြီး အာဆင်နယ် အသင်းဟာ အာဝါနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ပေမယ့် အာဆင်နယ် အသင်းဟာ လိုင်ယွန်အသင်းနဲ့ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု မရရှိသေးပါဘူး။ လိုင်ယွန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အူလက် ကတော့ အာဝါကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ယခုတစ်ပတ် သောကြာနေ့ မတိုင်မီ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လုပ်ဆောင် ရမှာ ဖြစ်ပြီး သောကြာနေ့ကို ကျော်လွန် သွားပါက အာဝါကို ရောင်းချတော့မှာ မဟုတ်ဘူး လို့ ဆိုထားပါတယ်။ ဒါ့အပြင် အူလက်က အာဝါအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဝန်းကျင် အလိုရှိနေကြောင်းကို လည်း အတည်ပြု ပြောကြား ထားပါတယ်။

Photo Credit: Standard

RMC သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ယနေ့မနက် အစောပိုင်းမှာပဲ ဂျူဗင်တပ်အသင်း ဟာ အာဝါရဲ့ အပြောင်းအရွှေ့ အတွက် စုံစမ်းမှု တစ်ခု ပြုလုပ် လာခဲ့ပြီး လိုင်ယွန်အသင်းဘက် ကလည်း အာဝါရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ် အသင်းနဲ့ ဆွေးနွေးဖို့ လက်ခံခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ် အသင်းဟာ အာဝါကို ခေါ်ယူဖို့ အတွက် ကြိုးစား လာပေမယ့် လက်ရှိ အချိန်အထိ အာဆင်နယ် အသင်းဟာ အာဝါကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေသေးပြီး အာဝါအတွက် လိုင်ယွန်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုသာ ပေးချေခဲ့ပါက အာဝါကို ရရှိဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အာဝါဟာ ယခင်က ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘော တူညီမှု ရရှိဖူးတာကြောင့် အာဆင်နယ် အသင်းအနေနဲ့ အာဝါကို ခပ်မြန်မြန် ခေါ်ယူဖို့ ကြိုးစားသင့်ပြီး နောက်ကျ သွားမယ် ဆိုရင်တော့ အာဝါဟာ ဂျူဗင်တပ် အသင်းထံ ရောက်ရှိ သွားနိုင်တာကို သတိချပ်သင့်ပါတယ်။