အီတလီ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ကစားသမား အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေ အတွင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို လက်တလုံးခြား လုပ်ကာ စည်းကမ်းချိုးဖောက်ခဲ့တဲ့ ဂျူဗင်တပ်ကို ယမန်နေ့မှာပဲ ရမှတ် ၁၅မှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်ခဲ့ပါတယ်။

ဂျူဗင်တပ်က သူတို့ရဲ့ အားကစားဒါရိုက်တာဟောင်း ပါရာတစ်စီ လက်ထက်မှာ အသင်းရဲ့ ကစားသမားတွေဟာ လုပ်ခလစာ လျှော့ယူကာ အသင်းရဲ့ ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းပေးခဲ့တယ်လို့ အီတလီ ဘောလုံးအဖွဲ့ချုပ်ဆီ တင်ပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဂျူဗင်တပ်ဟာ တရားမဝင် နည်းလမ်းတွေနဲ့ ကစားသမားတွေကို လုပ်ခလစာတွေ ဆက်လက် ပေးချေခဲ့ပါတယ်။

Photo Credit: Goal

အီတလီ ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ်တို့က ဂျူဗင်တပ်ရဲ့ ဘဏ္ဍာရေးပြဿနာတွေကို တရားမဝင် နည်းလမ်းတွေနဲ့ ဖြေရှင်းနေမှုအား ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ခါနီးမှာ သိလိုက်ရတာကြောင့် လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါ စုံစမ်းစစ်ဆေးမှုကြောင့်ပဲ နက်ဗက် အပါအဝင် ဂျူဗင်တပ်ရဲ့ ဘုတ်အဖွဲ့ဟောင်း တခုလုံးက ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဒါပေမယ့် ဘုတ်အဖွဲ့ တခုလုံး နုတ်ထွက်မှုက ဂျူဗင်တပ်ရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပဲ ယမန်နေ့မှာတော့ အီတလီ ဘောလုံးအဖွဲ့ချုပ်က ဂျူဗင်တပ်ကို ရမှတ် ၁၅မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျူဗင်တပ်က သူတို့ရဲ့ ရမှတ်လျှော့ပြစ်ဒဏ် အတွက် အယူခံဝင်ဖို့ ပြင်ဆင်နေပေမယ့် အီတလီ ဘောလုံးအဖွဲ့ချုပ်က ဂျူဗင်တပ်ရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးမယ့် အလားအလာ မရှိတာကြောင့် ဂျူဗင်တပ်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့သလို ယူရိုပါ ကွန်းဖရန့်လိဂ် ပြိုင်ပွဲဝင်ခွင့်ရရေးကိုသာ ဦးစားပေး ရဖွယ် ရှိနေပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ဂျူဗင်တပ်က ယူရိုပါ ကွန်းဖရန့်လိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၆နေရာမှာ ရှိနေတဲ့ ရိုးမားနဲ့ ရမှတ် ၁၂မှတ် အထိ ကွာဟနေခဲ့ပြီး ရမှတ်လျှော့ ပြစ်ဒဏ်ဟာ ချန်ပီယံလိဂ် နှစ်တိုင်း ကန်ချင်တာကြောင့် ဂျူဗင်တပ်ဆီ ပြောင်းလာခဲ့တဲ့ ဗလာဟိုဗစ် ၊ ပေါ့ဘာနဲ့ ဒီမာရီယာတို့လို ကြယ်ပွင့် ကစားသမားတွေ အတွက် အတော်လေး စိတ်ပျက်စရာကောင်းတဲ့ သတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ချန်ပီယံလိဂ် ပုံမှန် ကန်ချင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ကြေးမြင့် စာချုပ်သစ်ကို ပယ်ချကာ ဂျူဗင်တပ်ဆီ ပြန်ပြောင်းလာခဲ့တဲ့ ပေါ့ဘာက သူ့ရဲ့ တကျော့ပြန် ဂျူဗင်တပ်ခရီးစဉ်ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာတင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရဖို့ ရှိနေပြီး ဗလာဟိုဗစ် အပါအဝင် တခြား ဂျူဗင်တပ်ရဲ့ ကြယ်ပွင့် ကစားသမားတွေက ရာသီကုန်မှ အသင်းပြောင်းဖို့ စတင် စဉ်းစားနေကြကာ ပေါ့ဘာကတော့ ဂျူဗင်တပ်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် အသင်းပြောင်းဖို့ မလွယ်ကူပါဘူး။