မနေ့ညက ကျင်းပသွားခဲ့တဲ့ ဘင်နီဗင်တိုအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်းမှာ ဧည့်သည်ဂျုဗင်တပ်စ်အသင်းက အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို အနားပေးသွားခဲ့ပြီး အခြားသောကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ရာ တိုက်စစ်မှူးအဲဗာရိုမိုရာတာရဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းပြီးခါနီးလောက်မှာပဲ ဘင်နီဗင်တိုအသင်းဘက်ကနေ ပြန်လည်ချေပနိုင်ခဲ့ကာ တစ်ဖက်ကိုတစ်ဂိုးစီနဲ့ပဲ ပွဲကပြီးဆုံးသွားခဲ့ရပါတယ်။

ဒီသရေပွဲနဲ့ပတ်သက်ပြီး ဂျုဗင်တပ်စ်ပရိသတ်များစွာက ရော်နယ်ဒိုကို အနားပေးဖို့ နည်းပြပီယာလိုရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်နေခဲ့ရပေမယ့်လည်း ပီယာလိုကတော့ သူရဲ့ကစားသမား ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေကို သွားရောက်ကစားပြီးနောက် ကလပ်အသင်းဆီကို ပြန်လည်ရောက်လာချိန်မှာ ဒဏ်ရာပြသာနာအနည်းငယ်ပါ ရလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြသာနာ ရှိနေလျက်နဲ့ ဖယ်ရန်ဗာရိုစ့်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း ပါဝင်ခဲ့ရတာဖြစ်လို့ ဒဏ်ရာအခြေအနေ ပိုမဆိုးသွားစေဖို့အတွက် ဘင်နီဗင်တိုနဲ့ပွဲကို အနားပေးဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

ပီယာလိုက “သူ့ဆီမှာ အပေါ့စားဒဏ်ရာအခြေအနေ ရှိနေခဲ့ပေမယ့် သူကိုယ်တိုင်က ဖယ်ရန်ဗာရိုစ့်နဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်ကစားဖို့ တောင်းဆိုခဲ့လို့ ထည့်သွင်းခဲ့ရတာ။ နိုင်ငံတကာပွဲတွေကို သွားရောက်ကစားပြီးတဲ့အခါတိုင်း သူအနေနဲ့ အနားယူဖို့ လိုအပ်တာက ထုံးစံလိုပါပဲ။ ရော်နယ်ဒိုလို ကစားသမားမျိုးကို ထည့်သွင်းကစားမယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် သူမပါဝင်ပဲလည်း အကောင်းဆုံးကစားတတ်အောင် ကျွန်တော်တို့ဘက်က ကြိုးစားကြည့်ဖို့လည်း လိုအပ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေဆိုတာက သင်ရဲ့ကစားသမားတွေ တော်တော်များများက နိုင်ငံတကာပွဲတွေကို ပါဝင်ဆင်နွဲရပြီး ကလပ်အသင်းဆီ ပြန်ရောက်လာချိန်မှာလည်း ချန်ပီယံလိဂ်ပွဲတွေကို ဆက်ကစားဖို့ ရှိနေတဲ့အခါမျိုးမှာ ဖြစ်လာတတ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဒီပွဲကို သရေကျသွားခဲ့တာဟာ အတော်လေးကို နစ်နာခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာက အေစီမီလန်အသင်းသာ ဒီတစ်ပတ်မှာ ဖီအိုရင်တီးနားကို အနိုင်ရလိုက်မယ်ဆိုရင် ဂျုဗင်တပ်စ်ကို (၆)မှတ်အထိ ဖြတ်တောက်ထားနိုင်တော့မှာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ တစ်အုပ်စုတည်း ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘာစီလိုနာနဲ့အတူ နောက်တစ်ဆင့်ကို တတ်လှမ်းခဲ့ပြီဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက်တော့ လက်ကျန်ပွဲတွေကို အနိုင်ကစားရဦးမှာဖြစ်သလို ဒီတစ်ပတ်မှာတော့ ဒိုင်နမိုကိဗ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။