စီးရီးအေပွဲစဉ်တွေ ပြန်လည်စတင်ကစားချိန်မှာ ပွဲတိုင်းကို အနိုင်ရယူထားပြီး စီးရီးအေချန်ပီယံဆုကို ဆက်လက်ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းလာတဲ့ ဂျုဗင်တပ်စ်အသင်းကတော့ ဒီနေ့မှာ သူတို့ရဲ့မြို့ခံအသင်းဖြစ်တဲ့ တိုရီနိုအသင်းနဲ့ အလိုင်းရန့်ဇ်ကွင်းအတွင်းမှာ တူရင်ဒါဘီကို အကြိတ်အနယ်ဆင်နွဲခဲ့ပြီး ဂျုဗင်တပ်စ်အသင်းက (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဂျုဗင်တပ်စ်အသင်းက ရော်နယ်ဒို ဒီဘားလား ဘာနာဒက်စကီး ပီယာနစ် ရာဘီအော့ ဘန်တန်ကာ ကွာဒရာဒို ဒီလစ် ဘနူချီ ဒန်နီလို ဘူဖွန်တို့နဲ့ ပွဲထွက်လာခဲ့တဲ့ တိုရီနိုအသင်းကိုတော့ တိုက်စစ်မှူးကြီး ဘယ်လော့တီက ဦးဆောင်လာခဲ့ပါတယ်။ ပွဲအစ(၃)မိနစ်မှာပဲ သွင်းဂိုးတွေ ဆက်တိုက်ရယူနေတဲ့ အာဂျင်တီးနားသားလေး ဒီဘားလားက ဂျုဗင်တပ်စ်အတွက် အဖွင့်ဂိုးကို စောစောစီးစီး ရယူနိုင်ခဲ့ပြီး (၂၉)မိနစ်မှာလည်း ရော်နယ်ဒိုရဲ့ဖန်တီးမှုကနေတစ်ဆင့် ညာခြမ်းကနေ ကွာဒရာဒိုက ဒုတိယဂိုးကို ထပ်မံရယူခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ဒီလစ်ကြောင့် တိုရီနိုတို့ ပင်နယ်တီကန်ခွင့်ရသွားခဲ့တာကြောင့် ဘယ်လော့တီက ပြန်လည်ချေပခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ချေပဂိုးပြန်ရထားတဲ့ တိုရီနိုအသင်းကပဲ ဂျုဗင်တပ်စ်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဒုတိယမြောက်ချေပဂိုးတောင် ပိုင်ဆိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ နစ်နာခဲ့ရပါတယ်။ (၆၁)မိနစ်မှာတော့ ဂျုဗင်တပ်စ်က ဖရီးကစ်ကန်ခွင့်ရခဲ့လို့ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုက လှပသေသပ်စွာနဲ့ တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ (၈၇)မိနစ်မှာလည်း ကော်စတာရဲ့ဖြတ်တင်ဘောကို တိုရီနိုနောက်ခံလူ ရှင်းထုတ်ရင်း ကိုယ့်ဂိုးကို သွင်းယူမိခဲ့လို့ နိုင်ပွဲက ပိုမိုပြတ်သားသွားခဲ့ရပါတယ်။