အခုတစ်ပတ်ရဲ့ အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃၆)ရဲ့ နောက်ဆုံးသောပွဲစဉ်ဖြစ်တဲ့ ချန်ပီယံဆုရဖို့ လက်တစ်ကမ်းအလိုလောက်သာ လိုအပ်တော့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ရမှတ်လိုအပ်ချက် မရှိတော့လို့ ဖိအားကင်းကင်းနဲ့ လက်ကျန်ပွဲတွေကို ကျော်ဖြတ်လျက်ရှိတဲ့ ဆမ်ဒိုရီးယားအသင်းတို့ရဲ့ ပွဲစဉ်ကိ အလိုင်းရန့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဂျုဗင်တပ်စ်က (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး စီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဂျုဗင်တပ်စ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ ရော်နယ်ဒို ဒီဘားလား ကွာဒရာဒို ပီယာနစ် ရာဘီအော့ မာတွီဒီ ဒန်နီလို ဆန်ဒရို ဒီလစ် ဘနူချီနဲ့ ရှက်ဇနီတို့ ပါဝင်လာခဲ့ပြီး ဆမ်ဒိုရီးယားအသင်းကို ဝါရင့်တိုက်စစ်မှူးကြီး ကွာဂလီရယ်လာက ဦးဆောင်လာခဲ့ပါတယ်။ တန်းဆင်းဇုန်နဲ့ လုံးဝလွတ်ကင်းသွားပြီဖြစ်တဲ့ ဆမ်ဒိုရီယားအသင်းဟာ ဂျုဗင်တပ်စ်ကို ဖိအားကင်းကင်း ရင်ဆိုင်သွားခဲ့လို့ ပထမပိုင်းပွဲချိန်တွေအတွင်းမှာ ဂျုဗင်တ်စ်ထက် ဂိုးပေါက်တည့်ကန်ချက်က ပိုမိုများပြားခဲ့ရပါတယ်။ ဂျုဗင်တပ်စ်ကတော့ ဒီပွဲအနိုင်ရရင် စီးရီးအေချန်ပီယံ ဖြစ်လာတော့မှာဖြစ်တဲ့အပြင် ဒီပွဲမတိုင်ခင်မှာ ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဘက်အင်မိုဘီလီက ဟက်ထရစ်သွင်းထားလို့ ရော်နယ်ဒိုအတွက်လည်း သွင်းဂိုးတွေက လိုအပ်နေခဲ့ပါတယ်။ ထိုးဖောက်မှုတွေ များစွာထဲကမှ ပထမပိုင်းပြီးခါနီးမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ပီယာနစ်က ခင်းပေးလိုက်တာကို ရော်နယ်ဒိုက မနားတမ်းကန်သွင်းရင်း အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ကစားချိန်မှာ ပွဲကိုဦးဆောင်ထားတဲ့ ဂျုဗင်တပ်စ်အသင်းထက် ဧည့်သည်ဆမ်ဒိုရီးယားက ထိုးဖောက်မှုတွေကို ပိုမိုလုပ်ဆောင်လာခဲ့ပေမယ့်လည်း သွင်းဂိုးကတော့ ဂျုဗင်တပ်စ်ဘက်ကနေသာ ထပ်မံရရှိသွားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကန်ချက် ပြန်လျှံထွက်လာတာက လူစားဝင်ကစားသမား ဘာနာဒက်စကီးကနေ သွင်းယူသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဂျုဗင်တပ်စ်တို့ ပင်နယ်တီကန်ခွင့် ပိုင်ဆိုင်လာခဲ့ပြီး ရော်နယ်ဒိုကန်သွင်းရာ ဂိုးတိုင်ထိထွက်သွားခဲ့လို့ ရော်နယ်ဒိုအတွက်တော့ နစ်နာခဲ့ရပါတယ်။