ပွဲကြီးပွဲကောင်းတွေနဲ့ ပြည့်နက်နေတဲ့ အီတလီစီးရီးအေပွဲစဉ်(၃၄)ရဲ့ Biggest Match ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ လာဇီယိုအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်ကိုတော့ ဒီနေ့မနက်အစောပိုင်း (၂)နာရီ(၁၅)မိနစ်အချိန် ဂျုဗင်တပ်စ်ရဲ့အိမ်ကွင်း အလိုင်းရန့်ဇ်ကွင်းကြီးမှာ ကျင်းပခဲ့ပြီး ဂျုဗင်တပ်စ်အသင်းက (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်နဲ့ အိမ်ရှင်ဂျုဗင်တပ်စ်အသင်းကတော့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကို အပြောင်းအလဲ အနည်းငယ်လုပ်ဆောင်လာခဲ့ကာ ပုံမှန်ပွဲကစားခွင့် သိပ်မရကြတဲ့ ရမ်ဆေး ဒေါက်ကလပ်ကော်စတာတို့ကို ပြန်သုံးလာခဲ့ပြီး ရော်နယ်ဒို ဒီဘားလား ရာဘီအော့ ဘန်တန်ကာ ဆန်ဒရို ဘနူချီ ဒီလစ် ကွာဒရာဒို ရှက်ဇနီတို့နဲ့ တွဲဖက်ပွဲထွက်လာခဲ့ပါတယ်။ လာဇီယိုအသင်းဘက်မှာလည်း အင်မိုဘီလီ ကိုင်စီဒို အန်ဒါဆန် ပါရိုလို မီလင်ကိုဗစ် လာဇာယီ အာချာဘီ ဘက်စတို့စ် ဖီလစ်ပီနဲ့ စထရာကိုရှာတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးက ဘောလုံးပိုင်ဆိုင်မှု တူညီခဲ့ကြပေမယ့် တိုက်စစ်ပိုင်းမှာတော့ အိမ်ရှင်ကပိုသာနေပြီး ဒန်နီလိုရဲ့ခေါင်းတိုက်ချက် တိုင်ထိသွားခဲ့ရတာကတော့ ဂျုဗင်တပ်စ်အတွက် နစ်နာခဲ့ရပါတယ်။ ဂျုဗင်တပ်စ်လောက် ဂိုးကန်ခွင့်တွေ သိပ်မရခဲ့တဲ့ လာဇီယိုအသင်းမှာလည်း အင်မိုဘီလီရဲ့အားပါလှတဲ့ကန်ချက် တိုင်ထိသွားလို့ ဂိုးရနိုင်မယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ ပွဲက အနည်းငယ်လေး အေးစက်နေသယောင် ရှိနေခဲ့ပေမယ့် ဒုတိယပိုင်းပြန်စပြီး (၅)မိနစ်လောက်အကြာမှာပဲ ဘက်စတို့စ် ဧရိယာထဲမှာ Handball ဖြစ်မိသွားလို့ ဂျုဗင်တပ်စ် ပင်နယ်တီရခဲ့ကာ ရော်နယ်ဒိုက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ မိနစ်ပိုင်းလေးအတွင်းမှာပဲ လာဇီယိုဘက်ကနေ အမှားကျူးလွန်မိရာကနေ ဒီဘားလား ဘောလုံးရလာခဲ့ပြီး တစ်ကိုယ်ကောင်းဆန်ခြင်းမရှိပဲ ရော်နယ်ဒိုဆီ လှမ်းထိုးပေးခဲ့ရာ ရော်နယ်ဒိုက ဒုတိယဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန်(၈၀)ကျော်လောက်မှာပဲ ဘနူချီရဲ့အမှားကနေ လာဇီယိုဘက်ကို ပင်နယ်တီပြန်ပေးခဲ့ရပြီး အင်မိုဘီလီက ချေပဂိုးအဖြစ် ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။