ကိုရိုနာဗိုင်းရပ်စ် ဂယက်ထမှုကြောင့် ဘောလုံးပွဲစဉ်တွေ ခေတ္တရပ်နားထားခဲ့ရတဲ့ အီတလီစီးရီးအေပွဲစဉ်တွေကို တနင်္ဂနွေနေ့က ပြန်လည်ကျင်းပဖြစ်ခဲ့ပြီး ရွေ့ဆိုင်းထားခံခဲ့ရတဲ့ ပွဲစဉ်တွေထဲကမှ ပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ စီရီးအေပွဲစဉ်(၂၆)မှာတော့ အိမ်ရှင်ဂျုဗင်တပ်စ်အသင်းက ၂ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရခဲ့ကာ အမှတ်ပေးဇယားထိပ်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ အိမ်ရှင်ဂျုဗင်တပ်စ်ရဲ့လူစာရင်းမှာ ရော်နယ်ဒို ဟီဂွာအင် ကွင်ဒေါက်ကလပ်ကော်စတာ ရမ်ဆေး ဘန်တန်ကာ မာတွီဒီ ဒီလစ် ဆန်ဒရို ဘနူချီ ကွာဒရာဒိုနဲ့ ရှက်ဇနီတို့ ပါဝင်လာခဲ့ပြီး ဧည့်သည်အင်တာမီလန်အသင်းဘက်မှာလည်း လူကာကူ မာတီနက်် အက်ရှ်လေယန်း ဘာရယ်လာ ဘရို်ဇိုဗစ် ဗယ်စီနို ကန်ဒရီဗာ ဘက်စတိုနီ ဒီဗာရစ် ရှာကရီညာနဲ့ ဟန်ဒါနိုဗစ်တို့ ပါဝင်လာခဲ့ပါတယ်။ ဒီရာသီမှာ စီးရီးအေချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေကြတဲ့ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်လို့ အတော်လေးကို အကြိတ်အနယ်ရှိခဲ့သလို ပွဲကြည့်ပရိသတ်တွေ မပါဝင်နိုင်ပေမယ့်လည်း ပွဲရဲ့အရှိန်ကတော့ ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကြောင့် အရသာပျက်မသွားခဲ့ပါဘူး။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာတော့ နှစ်သင်းလုံး ထိုးဖောက်မှုတွေ အကြိမ်ရေတူလောက် လုပ်ဆောင်ခဲ့ပေမယ့် အိမ်ရှင်ကပိုထိရောက်ခဲ့သလို ဂိုးဝင်လုနီးပါးအထိ ဖြစ်ခဲ့ပေမယ့်လည်း ပထမပိုင်းကိုတော့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ပွဲရဲ့အလှည့်အပြောင်းတွေက ဒုတိယပိုင်းမှသာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့ ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၀မိနစ်အကြာမှာပဲ ကွင်းလယ်လူရမ်ဆေးကနေ ဂျုဗင်တပ်စ်အတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကော်စတာအစား ဒီဘားလားကို ထည့်သွင်းလာခဲ့ပြီး ၆၇မိနစ်မှာ ရမ်ဆေးရဲ့ပေးပို့မှုကနေ ဒီဘားလားကပဲ ဂျုဗင်တပ်စ်အတွက် ပွဲသိမ်းအနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ၂ဂိုးပေးလိုက်ရပြီးနောက် အဲရစ်ဆင် ဆန်းချက်ဇ်တို့ကို ထည့်သွင်းလာခဲ့ပေမယ့် အင်တာတို့ ချေပဂိုးတစ်ဂိုးလေးတောင် ပြန်မရနိုင်တော့ပဲ ဒီရာသီ စီးရီးအေမှာ ဂျုဗင်တပ်စ်ကို နှစ်ကျော့စလုံး အရေးနိမ့်လိုက်ရပါတော့တယ်။