ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ ဗီရိုနာအသင်းကို ကပ်အရေးနိမ့်ခဲ့ရတဲ့ စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းက ဒီနေ့ညမှာတော့ ဘရက်ရှားအသင်းနဲ့ စီးရီးအေပွဲစဉ်(၂၅)ကို ဆင်နွဲခဲ့ရပြီး အသင်းရဲ့အမာခံကစားသမားကြီး ရော်နယ်ဒိုမပါဝင်လာခဲ့ပေမယ့်လည်း ပထမပိုင်းကတည်းက တစ်ယောက်အထုတ်ခံထားရတဲ့ ဘရက်ရှားအသင်းကို သက်တောင့်သက်သာကစားခဲ့ပြီး ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : Getty Images

ဂျုဗင်တပ်စ်အသင်းက ဒီနေ့မှာ သူတို့အသင်းအတွက် စီးရီးအေသွင်းဂိုးတွေ ဆက်တိုက်သွင်းယူလို့ပေးနေတဲ့ တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုကို လုံးဝအနားပေးခဲ့ကာ ဒီလစ် ပီယာနီတုုိ့ကိုလည်း အရန်စာရင်းမှာပဲ ထည့်သွင်းလာခဲ့ပါတယ်။ အသင်းရဲ့လူစာရင်းမှာတော့ ဒီဘားလား ဟီဂွာအင် ကွာဒရာဒို ရမ်ဆေး ရာဘီအော့ ဘန်တန်ကာ ရူဂါနီ ဘနူချီ ဆန်ဒရို ဒန်နီလိုနဲ့ ရှက်ဇ်နီတို့ ပါဝင်လာခဲ့ပါတယ်။ ရော်နယ်ဒိုမပါဝင်လာနိုင်ပေမယ့်လည်း ဘရက်ရှားက စီးရီးအေမှာ အခြေအနေသိပ်မကောင်းတဲ့ အသင်းဖြစ်သလို အဝေးကွင်းစွမ်းဆောင်ရည်လည်း ညံဖျင်းလွန်းတဲ့ အသင်းဖြစ်လို့ ဂျုဗင်တပ်စ်အတွက် သိပ်ခက်ခက်ခဲခဲ မကစားခဲ့ရပဲ ဂိုးရဖို့ကတော့ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၃၇မိနစ်မှာ ဘရက်ရှားဘက်ကနေ ကစားသမားတစ်ယောက် ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံလိုက်ရပြီး ဒီကနေတစ်ဆင့် ဂျုဗင်တပ်စ်က ဂိုးအစပ်နားမှာ ဖရီးကစ်ကန်ခွင့်ရခဲ့ကာ ဒီဘားလားက အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ကစားသမားချင်းမှာလည်းသာ ကစားအားလည်းသာနေတဲ့အပြင် ကစားသမားတစ်ယောက်ပါ အသာရသွားတဲ့ အိမ်ရှင်တို့ ဒုတိယပိုင်းမှာ ဘရက်ရှားဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဟီဂွာအင်ရဲ့ဂိုးကန်ချက်ဆိုရင် ဘရက်ရှားနောက်ခံလူနဲ့ထိသွားလို့သာ ဂိုးမဝင်ခဲ့ရသလို အဲ့ဒီကနေတစ်ဆင့် ထောင့်ကန်ဘောကန်ရာမှာလည်း ဘနူချီခေါင်းတိုက်သွင်းယူခဲ့တာကို ဘရက်ရှားဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တရစပ် တိုက်စစ်ဆင်မှုတွေကို အချိန်ပြည့်မတားဆီးနိုင်တော့တာကြောင့် ရ၅မိနစ်မှာပဲ ကွာဒရာဒိုရဲ့သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။