အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ စပိန် လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဆာကာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦးအဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Euro Sports

ဆာကာဟာ သူ့ရဲ့ စီနီယာ ကစားသမားဘဝ အစမှာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ရပေမယ့် သူ့ရဲ့ လျင်မြန်မှု ၊ ကောင်းမွန်တဲ့ ဘောလုံးစွမ်းရည် ၊ ဖန်တီးနိုင်စွမ်းတို့ကြောင့် ဘယ်နောက်ခံလူ ကနေ ဘယ်တောင်ပံ ကစားသမား ၊ ဘယ်တောင်ပံ ကစားသမား ကနေ တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ဆင့်ကဲ တိုးတက်လာတဲ့ ကစားသမားတဦးပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အသင်းကို သွေးသစ်လောင်းဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်အသင်းဟာ ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်သလို လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကလည်း ဆာကာကို ခေါ်ယူကာ ဂရစ်ဇ်မန်း ၊ ဆာကာ ၊ ဂျာအိုဖီးလစ် ဆိုတဲ့ တိုက်စစ်အတွဲကို ပုံဖော်ဖို့ မျက်စိကျနေပါတယ်။

Photo Credit: Euro Sports

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Daily Mailနဲ့ Calcio Mercato သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ဆာကာကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ကြိုးစားဖွယ် ရှိကြောင်းနဲ့ အာဆင်နယ်အသင်း ကတော့ သူတို့အသင်းရဲ့ ကစားသမား အတွက် အနိမ့်ဆုံး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။

ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်တာကြောင့် အာဆင်နယ်အသင်းဟာ သူ့ကို ရောင်းချဖို့ထက် အသင်းမှာသာ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပြီး အကယ်၍ ဆာကာဘက်က အသင်းကနေ ထွက်ခွာခွင့် တောင်းခံလာမှသာ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ စဉ်းစားနိုင်ပါတယ်။