ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံ အီတလီအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဆာဆူအိုလို ကွင်းလယ်ကစားသမား မန်နူရယ်လိုကာတယ်လီကို ဂျုဗင်တပ်စ်အသင်းကနေ အမှန်အကန် အလိုရှိနေပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် တစ်ရာသီအငှား+အငှားစာချုပ်ပြည့်ချိန်မှာ ယူရိုသန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆာဆူအိုလိုဘက်ကနေ ပယ်ချသွားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဂျုဗင်တပ်စ်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားချင်နေပါတယ်။

Photo Credit : Twitter

အသက်(၂၃)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား လိုကာတယ်လီဟာ အေစီမီလန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ၂၀၁၆ခုနှစ်မှာပဲ မီလန်စီနီယာအသင်းမှာ ကစားခွင့်ရခဲ့ပေမယ့်လည်း သူရဲ့ခြေစွမ်းတွေက သိပ်မထင်ပေါ်ခဲ့တာကြောင့် ဆာအူအိုလိုအသင်းဆီ အငှားခံခဲ့ရပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာပဲ ဆာဆူအိုလိုအသင်းက လိုကာတယ်လီကို ယူရို(၁၂.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူဖြစ်ခဲ့ပါတယ်။ အခုတော့ လိုကာတယ်လီဟာ ဆာဆူအိုလိုအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေရတဲ့အပြင် အီတလီလက်ရွေးစင်အသင်းနဲ့အတူပါ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : CBS Sports

ကွင်းလယ်ပိုင်းမှာ အဓိက ကစားတတ်သူဖြစ်ပြီး ကွင်းလယ်တိုက်စစ်နေရာမှာ ပိုပြီးခြေစွမ်းပြ ကစားနိုင်တတ်တဲ့ လိုကာတကယ်လီကို စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာဖြစ်ပြီး အာဆင်နယ်ဘက်ကနေ ဆာဆူအိုလိုအသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းသွားဖို့ အစီအစဉ် ရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က အီတလီစီးရီးအေမှာသာ ဆက်လက်ကျင်လည်ချင်နေသေးတာကြောင့် ဂျုဗင်တပ်စ်အသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေပါတယ်။ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရလည်း လိုကာတယ်လီကို ခေါ်ယူနိုင်ဖို့အရေးကို ဂျုဗင်တပ်စ်အသင်းဘက်ကနေ လုံးဝလက်မလျှော့နိုင်သေးပဲ နောက်ထပ်ကမ်းလှမ်းမှုတွေနဲ့ အကြိမ်ကြိမ် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေး အခြေအနေတွေကြောင့် လိုကာတယ်လီကို အရခေါ်ယူဖို့ ခဲယဉ်းနေရပြီး အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းမှုက အဆင်မပြေ ဖြစ်ထားခဲ့တာကြောင့် အပြောင်းအရွှေ့တချို့+ ကစားသမား အလိုက်ပေးကမ်းလှမ်းမှုမျိုးနဲ့ ပြောင်းလဲကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။