အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ အခုနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူထားနိုင်ခြင်း မရှိသေးပေမယ့်လည်း ဒီတစ်ပတ်အတွင်းမှာပဲ ကစားသမားဟောင်း ပေါလ်ပေါ့ဘာနဲ့ ဝါရင့်တောင်ပံကစားသမားကြီး အိန်ဂျယ်ဒီမာရီယာတို့ နှစ်ဦးလုံးကို အပြီးသတ် ခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။

Angel Di Maria Paul Pogba GFX

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေ မလုပ်ဆောင်နိုင်သေးပဲ ဖီအိုရင်တီးနားကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဖရက်ဒရစ်ကိုခီယေဇာကိုသာ အပြီးသတ် ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်အတွင်းမှာတော့ အသင်းကို ထိပ်တန်းကစားသမားနှစ်ဦး အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်ရှိလာကြတော့မှာဖြစ်ပြီး ဒီကစားသမားတွေကတော့ ဂျုဗီအသင်းသားဟောင်း ကွင်းလယ်လူ ပေါ့ဘာနဲ့ ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတွေရဲ့ ကစားသမားဟောင်း ဒီမာရီယာတို့ပဲ ဖြစ်ပါတယ်။

Pogba & Di Maria - MAGIC SKILLS - YouTube

Photo Credit : Youtube

ဂျုဗင်တပ်စ်အသင်းဟာ ဈေးကွက်တိုင်းလိုလိုမှာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားကောင်းများစွာကို ခေါ်ယူနိုင်ခဲ့သလို အခုဆိုရင်လည်း ဘောလုံးလောကရဲ့ စူပါစတားနှစ်ဦးလုံးကိုပါ free transfer နဲ့ ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ယောက်ထဲကမှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နှစ်ကြိမ်တိုင်တိုင် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်တုန်းက ယူနိုက်တက်အသင်းဆီ ပေါင်(၈၉.၃)သန်းနဲ့ ရောင်းချခဲ့ဖူးတာကြောင့် ပေါ့ဘာက ဂျုဗီအတွက် စီးပွားရေး အကျိုးအမြတ် ရှိစေခဲ့တဲ့ ကစားသမားလို့ပါ သတ်မှတ်နိုင်ပါတယ်။ လက်ရှိမှာ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဘာအနေနဲ့ ပီယာလို ဗီဒယ်လ်တို့လို ကစားသမားကြီးတွေ မပါဝင်တော့တဲ့ ဂျုဗီရဲ့ကွင်းလယ်ပိုင်းမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်ဦးမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ပေါ့ဘာနဲ့အတူ ဂျုဗင်တပ်စ်ကို ရောက်ရှိလာမယ့် ဒီမာရီယာဟာလည်း အသက်(၃၄)နှစ်အရွယ် ရှိနေပြီ ဆိုပေမယ့် သူရဲ့ အကောင်းဆုံး စွမ်းဆောင်မှုကို ဆက်လက်ပြသနိုင်ဆဲ ဖြစ်သလို ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်ဖို့အတွက် ကလပ်အသင်းမှာ ပွဲကစားခွင့်ရော ခြေစွမ်းပြနိုင်ဖို့ပါ လိုအပ်နေတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကတော့ ပေါ့ဘာနဲ့ ဒီမာရီယာတို့ကို ခေါ်ယူပြီးချိန်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖွယ် ရှိနေပြီး ဒီလစ်ကိုသာ လက်လွတ်ရမယ်ဆိုရင်လည်း နောက်ခံလူတစ်ဦးပါ ခေါ်ယူသွားဖို့ ရှိနေပါတယ်။