MySport Myanmar

ဖရန့်ဖတ်ကြယ်ပွင့် ကို့စတစ်ကို မကြာခင်မှာပဲ အပြီးသတ် ခေါ်ယူနိုင်တော့မယ့် ဂျုဗင်တပ်စ်

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အပြောင်းအရွှေ့ မဖြစ်မြောက်လာခဲ့ရတဲ့ ဖရန့်ဖတ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဖီလစ်ကို့စတစ်ဟာ လက်ရှိအချိန်မှာတော့ အီတလီစီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဆီကို မကြာခင်မှာပဲ အပြီးသတ် ပြောင်းရွှေ့သွားနိုင်တော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sempreinter

ဂျုဗင်တပ်စ်အသင်းဟာ အခုနှစ် ဈေးကွက်အတွင်းမှာ အသက်လက်တီကိုမက်ဒရစ်ကနေ နှစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်တိုက်စစ်ကစားသမား အဲလ်ဗာရိုမိုရာတာကို အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိသလို ဘာနာဒက်ချီကလည်း အသင်းက ထွက်ခွာသွားပြီး အားထားရတဲ့ တောင်ပံကစားသမား ခီယေဇာမှာလည်း ဒဏ်ရာကနေ ပြန်ကောင်းခါစသာ ရှိနေသေးတာကြောင့် ဝါရင့် တောင်ပံကစားသမားကြီး ဒီမာရီယာကို free transfer နဲ့ ခေါ်ယူခဲ့ရသလို နောက်ထပ် တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ကို့စတစ်ကိုပါ ထပ်မံ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sempreinter

အသက်(၂၉)နှစ်အရွယ်ရှိ ဆာဘီးယားလက်ရွေးစင် ကစားသမား ကို့စတစ်ဟာ ၂၀၁၈ခုနှစ်ကတည်းက ဖရန့်ဖတ်အသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၁၇၃)ပွဲ ကစားထားကာ (၃၃)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ်ချန်ပီယံ ဖြစ်လာစေခဲ့သူဖြစ်တဲ့ ကို့စတစ်ဟာ လက်ရှိအချိန်မှာ ဖရန့်ဖတ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်သလို ကို့စတစ်ကလည်း အသင်းနဲ့ သက်တမ်းတိုးသွားဖို့ ဆန္ဒမရှိတော့တာကြောင့် ဒီဈေးကွက်ထဲမှာပဲ ကို့စတစ်ကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာတော့ ကို့စတစ်ကို ဝက်စ်ဟမ်းအသင်းက စတင် ကြိုးပမ်းခဲ့တာဖြစ်ပြီး ဖရန့်ဖတ်ဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့လည်း ကမ်းလှမ်းခဲ့ပေမယ့် ကို့စတစ်ကိုယ်တိုင်ကတော့ ဝက်စ်ဟမ်းကို မပြောင်းရွှေ့လိုပဲ ဖြစ်နေရချိန်မှာ ဂျုဗင်တပ်စ်အသင်းက ကို့စတစ်ကို ခေါ်ယူဖို့ ကြားဖြတ် ဆောင်ရွှက်လာခဲ့ပြီး လက်ရှိမှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် add-on ကြေးတွေနဲ့ အလုံးစုံ သဘောတူညီမှုအတွက်သာ ဆွေးနွေးနေရသေးတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဒီဈေးကွက်ထဲမှာ တိုရီနို နောက်ခံလူ ဘရီမာအတွက်သာ ပြောင်းရွှေ့ကြေး အသုံးပြုထားတာဖြစ်တဲ့ ပေါ့ဘာနဲ့ ဒီမာရီယာတို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့သာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

Exit mobile version